စတိုင်းဆိုင်များတွင် ကားဖြင့် လှည့်လည်ခိုးယူသူများကို ဖမ်းဆီးရမိစဉ်
လှိုင်မြို့နယ်အတွင်းရှိ ABC နှင့် g & g စတိုးဆိုင်များမှ ငွေများ ခိုးယူသွားသည့် လူငယ်ရှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၂၉ ရက်တွင် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
ဇူလိုင် ၂၈ ရက် နံနက် ၁ နာရီခွဲခန့်တွင် လှိုင်မြို့နယ် (၁၃) ရပ်ကွက် အင်းစိန်လမ်းမကြီးပေါ်ရှိ ABC စတိုးဆိုင်ရှေ့ အနီးတွင် မသင်္ကာသူ ခြောက်ဦးခန့် ရောက်ရှိနေကြောင်း အဆိုပါဆိုင်မှ ဝန်ထမ်းက သက်ဆိုင်ရာ စခန်းသို့ ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း သိရသည်။
ထိုသို့ အကြောင်းကြားသဖြင့် လှိုင်မြို့မ ရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ မသင်္ကာသူများမှာ အဆိုပါဆိုင်မှ ထွက်ခွာသွားကြောင်း သိရသဖြင့် လိုက်လံ ရှာဖွေရာ လှိုင်မြို့နယ် အုတ်ကျင်းလမ်း အနီးတွင် မသင်္ကာသူ ကိုကိုဝင်း (၁၈ နှစ်) နှင့် ကောင်းစံ (၁၈ နှစ်) တို့အား တွေ့ရှိသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူနှစ်ဦးမှာ တာမွေမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့တွင် နေထိုင်သူများဖြစ်ပြီး ၎င်းတို့နှစ်ဦးနှင့်အတူ ကျော်ကျော်လွင် (၁၈ နှစ်)၊ စိုးနိုင် (၂၀ နှစ်)၊ ခန့်မင်းဦး (၁၆နှစ်) ကိုကိုနိုင် (၁၅ နှစ်)၊ မင်းကိုနိုင် (၁၈ နှစ်) နှင့် စည်သူ (၁၉ နှစ်)တို့မှာ အဖြူရောင် အငှားယာဉ်တစ်စီးနှင့်အတူ လှိုင်မြို့နယ်အတွင်းရှိ ABC နှင့် g & g စတိုးဆိုင်များမှ ပိုက်ဆံများ ခိုးယူခဲ့ကြောင်း သိရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လွတ်မြောက်နေသူများအား လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရန် ကျန်ရှိနေသူများအား ယင်းနေ့ နံနက် ၅ နာရီခန့်တွင် ပြည်လမ်း အင်းလျားကန်ပေါင် အနီးတွင် အငှားယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် လူငယ်ရှစ်ဦးအား စစ်ဆေးရာ ၎င်းတို့မှာ လှိုင်မြို့နယ် သုခမှတ်တိုင် အနီးရှိ ABC စတိုးဆိုင်နှင့် ဘူတာရုံလမ်းရှိ g & g စတိုးဆိုင်၊ ကြည့်မြင်တိုင်မြို့နယ် ဆင်မလိုက်ရှိ ABC စတိုးဆိုင်တို့မှ စုစုပေါင်း ငွေကျပ် ၂၄၇၃၀၀ တို့အား ခိုးယူခဲ့ကြောင်း သိရသည်။
“မသင်္ကာတဲ့သူနှစ်ဦး စတိုးဆိုင်တစ်ဆိုင် အနီးမှာ ရောက်နေတယ်လို့ သတင်းရတာနဲ့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ကနေပြီး သွားရောက်စစ်ဆေးရာမှာတော့ သူတို့နှစ်ဦးကို အဲဒီဆိုင်နားမှာ မတွေ့တော့ဘူး။ လိုက်ရှာ ဖမ်းဆီးတော့ အုတ်ကျင်းနားမှာ နှစ်ယောက်ကို မိတယ်။ ပြီးတော့ အဲဒီနှစ်ယောက်ကနေမှ သူတို့ဖုန်းနဲ့ သူတို့လူတွေကို အင်းလျားကန်ပေါင်နား ချိန်းခိုင်းပြီးတော့ ဖမ်းဆီးလိုက်တာပါ။ သူတို့ကို စစ်ဆေးတော့ လှိုင်မြို့နယ်ထဲက ABC နှင့် g & g စတိုးဆိုင်၊ ကြည့်မြင်တိုင်က ABC စတိုးဆိုင်တို့ကနေ ပိုက်ဆံတွေကို ခိုးယူခဲ့တာ ပေါ်ပေါက်ခဲ့ပါတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်မှ လူငယ်များအား လှိုင်မြို့မရဲစခန်းက (ပ) ၆၃၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။