ကံကြမ္မာအပေါ် မှီခိုအားထားနေမည်မဟုတ်ဟု မန်ယူအသင်းနည်းပြ ဆိုးလ်ရှား ဆို

ကံကြမ္မာအပေါ် မှီခိုအားထားနေမည်မဟုတ်ဟု မန်ယူအသင်းနည်းပြ ဆိုးလ်ရှား ဆို
Photos : AFP
Photos : AFP
Published 16 April 2019

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ၎င်း၏အသင်းမှာ ဘာစီလိုနာနှင့်ကစားမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲတွင် ကံကြမ္မာအပေါ် မှီခိုအားထားနေမည်မဟုတ်ဟု ပြောကြားခဲ့သည်။

ဆိုးလ်ရှားသည် ၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်ဘက်သို့ သမိုင်းဝင်အနိုင်ဂိုးသွင်းပြီးနောက် နှစ်ပေါင်း(၂၀)ကြာမှ နူးကမ့်ကွင်းသို့ တစ်ကျော့ပြန်ခြေချခြင်းလည်းဖြစ်သည်။

'' အဲဒီ(နူးကမ့်)မှာ စိတ်လှုပ်ရှားစရာတွေ များစွာရှိခဲ့ပါတယ်။ တကယ်တော့ ဒါဟာ အံ့အားသင့်စရာကောင်းတဲ့ သမိုင်းမှတ် တမ်းတစ်ခုပါပဲ။ ဒီညမှာ ကျွန်တော့်အနေနဲ့ အတိတ်ကို မကြာခဏ လှည့်မကြည့်ချင်ပါဘူး။ ဘယ်လိုခံစားရသလဲ ကျွန်တော် မသိပါဘူး။ ကွဲပြားခြားနားတယ်လို့လည်း မယူဆပါဘူး။ အသင်းစွမ်းဆောင်ရည်ကောင်းရဖို့ပဲ အာရုံစိုက်ထားပါတယ်။ ဒါက အခု ကျွန်တော့်ရဲ့လက်ရှိအလုပ်ပေါ့။ လူတွေက တစ်ခါတလေ ကျွန်တော်တို့ရဲ့နှစ်က နှစ်(၂၀)ကြာခဲ့ပြီဆိုတာ ပြောကြတယ်။ နူးကမ့်ကွင်းကို ပြန်လာတာဟာ စွမ်းဆောင်ရည်ကောင်းပြဖို့၊ အနိုင်နဲ့ထိုက်တန်ကြောင်း သက်သေပြဖို့အတွက်ပါပဲ။ ကျွန်တော်တို့ ကံကြမ္မာကိုပဲ မှီခိုအားထားနေမယ်လို့ မဆိုလိုပါဘူး'' ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက PSGကိုအနိုင်ရခဲ့သည့်ပွဲမှာ ဘာစီလိုနာနှင့်ပွဲအတွက် အကူအညီပေးလိမ့်မည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။

မန်ယူအသင်းသည် ဒုတိယအကျော့ပွဲအတွက် ခေါ်ဆောင်လာသည့် ကစားသမား (၂၂)ဦးစာရင်းတွင် ဒဏ်ရာမှပြန်ကောင်းလာသည့် ဆန်းချက်ဇ်၊ မာတစ်တို့ပါဝင်လာပြီး ဟာရဲရား၊ ဘာယီတို့ကို ဒဏ်ရာကြောင့် ချန်လှပ်ခဲ့ကြောင်း သိရသည်။