ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူက အသင်းကစားသမား ဒမ်ဘီလီမှာ PSG သို့ပြောင်းရွှေ့သွားသည့် နေမာထက် ပိုကောင်းသည့်ကစားသမားဟု မှတ်ချက်ပြုခဲ့သည်။
ဘာစီလိုနာအသင်းသည် ၂၀၁၇ နွေရာသီတွင် နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို(၂၂၂)သန်းဖြင့် PSG အသင်းသို့ ရောင်းချခဲ့ပြီးနောက် ၎င်း၏နေရာအစားထိုးရန် ဒေါ့မွန်အသင်းမှ ဒမ်ဘီလီကို ယူရို(၁၀၅)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
'' နေမာကိုရောင်းချလို့ရတဲ့ ငွေတွေနဲ့ ဒမ်ဘီလီ၊ ကော်တင်ဟိုတို့ကို ခေါ်ယူပြီး စီမံကိန်းတစ်ခု ချမှတ်ခဲ့ပါတယ်။ ဒမ်ဘီလီရဲ့အဆင့်က အခုချိန်မှာ နေမာထက် ပိုသာလွန်နေပါပြီ။ သူဟာ နေမာထက်လည်း ပိုကောင်းတဲ့ကစားသမားပါ။ ပြီးတော့ အသင်းနဲ့ လိုက်လျောညီထွေရှိသူလည်း ဖြစ်ပါတယ်။ ကော်တင်ဟိုကလည်း ကြီးကျယ်ခမ်းနားတဲ့ ကစားသမား တစ်ယောက်ပါ။ သူက ကောင်းပြီးရင်းကောင်းလာနေတယ်။ ဘာစီလိုနာအသင်းမှာ ကစားရတာ မလွယ်ပါဘူး။ ပြီးခဲ့တဲ့ရာသီဝက်ကမှ အသင်းကိုရောက်လာပေမယ့် အခု သူက အသင်းမှာ အဆင်ပြေနေပါပြီ။ နည်းပြရဲ့ယုံကြည်မှုကိုလည်း ရထားတယ်။ သူက ကမ္ဘာ့အဆင့်ကစားသမားဖြစ်ပြီး ကျွန်တော်တို့ သူ့ထံကနေ ဒီထက် ပိုမျှော်လင့်ထားပါတယ်။ သူ ဘာစီလိုနာအသင်းမှာ ဆက်ရှိလိမ့်မယ်။ သူဟာ ကွဲပြားခြားနားသူဖြစ်ပြီး ဘာစီလိုနာကလည်း ဒီလို ကွဲပြားခြားနားတဲ့ကစားသမားတွေ လိုအပ်ပါတယ်'' ဟု ဘာတိုမူက စပိန်ရုပ်သံ TVEသို့ ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် လာမည့်ရာသီအတွက် အေဂျက်စ်ကွင်းလယ်လူ ဖရန်ကီဒီယွန်းကို ယူရို(၇၅)သန်းဖြင့် ခေါ်ယူထားပြီး ဘာတိုမူက ဒီယွန်း၏အသင်းဖော် ဒယ်လစ်ကို ခေါ်ယူသွားဖွယ်ရှိသည့်သတင်းများအား ငြင်းဆန်ခြင်းမပြုခဲ့ဘဲ အက်သလက်တီကိုတိုက်စစ်မှူး ဂရီးဇ်မန်းမှာမူ ၎င်း၏ ပစ်မှတ်စာရင်းတွင် မပါဝင်ကြောင်း အတည်ပြုခဲ့သည်။