ပရီးမီးယားလိဂ်ပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက်
Published 14 April 2019

ခရစ္စတယ်ပဲလေ့စ် နှင့် မန်စီးတီး (တနင်္ဂနွေည ၇:၃၅ နာရီ)

မန်စီးတီးက ပြီးခဲ့တဲ့ Weekend တုန်းက ပရီးမီးယားလိဂ်ပွဲစဉ်ကို မကစားခဲ့ရဘူး။ ဒါကြောင့် လီဗာပူးလ်အသင်းထက် (၂)မှတ်ပြန်လျော့သွားခဲ့ပြီး တစ်ပွဲပိုကစားဖို့တော့ကျန်နေတယ်။ လက်ရှိ အနေအထားအရ ပွဲကျန်တစ်ပွဲကျန်တာထက် လက်ထဲက အမှတ်က ပိုသေချာလို့ လီဗာပူးလ်က ပိုအလေးသာနေတဲ့အနေအထားဖြစ်ပြီး၊လက်ကျန်ပွဲစဉ်တွေကိုကြည့်ရင်လည်း လီဗာပူးလ်က မန်စီးတီးထက် ပိုပွဲချောင်နေတဲ့အနေအထားကို တွေ့ရတယ်။ ဒါကြောင့် ဂွါဒီယိုလာက သူ့အသင်းကို တစ်မှတ်မှ အလျော့ခံလို့ မရဘူးလို့ဆိုနေတာဖြစ်ပြီး ဒီပွဲကလည်း မန်စီးတီးအသင်း သတိကြီးကြီးထားပြီး ကစားရမယ့်ပွဲမျိုးဖြစ်တယ်။ ခရစ္စတယ်ပဲလေ့စ်က ဒီရာသီ မန်စီးတီးအသင်းရဲ့ကွင်းမှာ (၃-၂)ဂိုးနဲ့ အနိုင်ရဖူးတဲ့အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းကလည်း အိမ်ကွင်းမှာ မန်စီးတီးကို ဂိုးမရှိ သရေကျခဲ့တယ်။ လက်ရှိ ခြေစွမ်းနဲ့ လူအင်အားပိုင်း၊ ရလဒ်ပိုင်းတွေမှာ မန်စီးတီးအများကြီး သာနေတာ ငြင်းလို့မရပေမယ့် ပဲလေ့စ်က မထင်မှတ်တဲ့ ရလဒ်တွေယူတတ်တယ်၊ ဘယ်လောက်ရလဒ်ဆိုးဆိုး တစ်ပွဲကောင်း ထတောက်တတ်တဲ့ ပွဲမျိုးတွေလည်း ရှိပါတယ်။ မန်စီးတီးကလည်း နောက်ပိုင်းပွဲတွေမှာ ဂိုးပြတ်နိုင်ပွဲတွေရှားလာတာ၊ ချန်ပီယံလိဂ်ပွဲကျပ်ကာလတွေကြားရောက်နေတာတွေကြောင့် မထင်မှတ်ဘဲ သရေကျသွားနိုင်တယ်။ 

လီဗာပူးလ် နှင့် ချယ်လ်ဆီး (တနင်္ဂနွေည ၁၀:၀၀ နာရီ)

လီဗာပူးလ်အတွက် ရာသီလက်ကျန်ပွဲစဉ် (၅)ပွဲထဲမှာ ဒီပွဲက အခက်ခဲဆုံး၊ အကျပ်ဆုံးပွဲတစ်ပွဲပါပဲ။ ချယ်လ်ဆီးအသင်း ကလည်း အမှတ်ပေးဇယားအဆင့် (၃)နေရာအထိ တက်လာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ပြန်ရှင်သန်လာတဲ့ အနေအထားမှာ လီဗာပူးလ်အသင်းဆီက (၃)မှတ်ရဖို့က အရေးကြီးနေတယ်။ ချယ်လ်ဆီးရဲ့ အိပ်မက်က လီဗာပူးလ်လောက် မကြီးပေမယ့် လက်ကျန်ပွဲစဉ်တွေရဲ့အနေအထားအရ လီဗာပူးလ်ထက်တောင် အမှတ်ပိုလိုနေတဲ့ အနေအထားလည်းဖြစ်နေ တယ်။ ဒီရာသီမှာ လီဗာပူးလ်က ပိုကောင်းသလို၊ လက်ရှိရလဒ်ပိုင်းအရကြည့်ရင်လည်း လီဗာပူးလ်က ပိုကောင်းတယ်။ လက်ရှိ အချိန်မှာ ချယ်လ်ဆီးကလည်း နောက်ဆုံး (၃)ပွဲဆက် ရခဲ့တာကြောင့် ယုံကြည်မှု ပြန်တက်လာပေမယ့် ကစားရတဲ့ ပြိုင်ဘက် တွေချင်းယှဉ်ကြည့်ရင် လီဗာပူးလ်က ပိုကောင်းတဲ့ပြိုင်ဘက်တွေနဲ့ ကစားခဲ့ရတာဖြစ်တယ်။ ဒါပေမဲ့ အစဉ်အလာပိုင်းအရ ကြည့်ရင်တော့ ချယ်လ်ဆီးက လီဗာပူးလ်ကို ဒုက္ခပေးလေ့ရှိတဲ့အသင်းမျိုးဖြစ်ပြီး ဒီရာသီ အိမ်ကွင်းမှာ သရေကစားခဲ့တာ၊ မနှစ်က အိမ်ကွင်းနိုင်၊ လီဗာပူးလ်ကွင်းမှာ သရေကစားခဲ့တာတွေက လီဗာပူးလ်အတွက် စိုးရိမ်စရာဖြစ်တယ်။ ဒါပေမဲ့ လီဗာပူးလ်ရဲ့ အိမ်ကွင်းစွမ်းဆောင်ရည်နဲ့ ချယ်လ်ဆီးထက် ပိုမာကျောတဲ့စိတ်ဓာတ်က ဒီပွဲကိုအဖြေပေးမှာပါ။ လီဗာပူးလ်နိုင်မယ်။