မြန်မာ့နှစ်သစ်ကူးချိန်ခါ

မြန်မာ့နှစ်သစ်ကူးချိန်ခါ
Published 10 April 2019

မကြာမီ မြန်မာ့နှစ်သစ်ကူးကာလ အချိန်အခါ သမယသို့ ရောက်ရှိတော့မည် ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်မှ ၁၃၈၁ ခုနှစ်သို့ အကူးအပြောင်းအချိန်ကာလ၊ မင်္ဂလာ ရှိသော နေ့သစ်များကို မျှော်လင့်၍ ကြိုဆိုသော မြန်မာတို့၏ မင်္ဂလာအချိန်အခါလည်း ဖြစ်ပေသည်။ မြန်မာတို့၏ ၁၂ လရာသီ ပွဲတော်များတွင် နှစ်သစ်ကူးပွဲတော် သင်္ကြန်သည် အထူးခြားဆုံးနှင့် အထင်ရှားဆုံးပွဲတော်လည်း ဖြစ်သည်။ ၁၂ လရာသီတွင် ပထမဦးဆုံးလ ဖြစ်သည့် တန်ခူးလဟူသော ခေါ်ဆိုမှုသည် ပါဠိဘာသာ တာလပုဒ်မှ ဆင်းသက်လာခြင်းဖြစ်ပြီး တာလပုဒ်ဟူသည် ထန်းဟု အဓိပ္ပာယ်ရသည်။ ထန်းဟူသောခေါ်ဆိုမှုမှ တန်းဟုဖြစ်လာသည်။ ယင်းအပြင် တန်ခူးကို တာကူးဟုလည်း ရေးသားလေ့ရှိကြသည်။ ထိုတာကူး၏ အဓိပ္ပာယ်နှင့် ပတ်သက်၍လည်း အာသီဗြဟ္မာမင်း၏ ဦးခေါင်းကို နတ်သမီးခုနစ်ပါးက တစ်နှစ်ကို တစ်ဦးကျ တာဝန်ယူရသည်ကို အစွဲပြုကာတာ၊ အတာဟူသော ဝေါဟာရဖြစ် ပေါ်လာပြီး နှစ်ကုန်၍ နတ်သမီးတစ်ပါးက အခြားသောနတ်သမီးတစ်ပါးထံ တာဝန်လွှဲပြောင်းခြင်းအား တာကူး အတာကူးဟု ခေါ်ဆိုခြင်းဖြစ်ကြောင်းလည်း ပညာရှင်အချို့က ယူဆခဲ့မှုများ ရှိခဲ့ပေသည်။

သင်္ကြန်ဟူသည်မှာ “သင်္ကန္တ” ဟူသော ကူးပြောင်းခြင်းဟု အနက်အဓိပ္ပာယ်ရသည့် ပါဠိပုဒ်မှ ဆင်းသက်လာသော ဝေါဟာရတစ်ရပ်ဖြစ်သည်။ ကူးပြောင်းခြင်းဟူသည့်အတိုင်း နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းနှင့်အတူ နှစ်ဟောင်းမှ အညစ်အကြေးများအား ဆေးကြောသည်ဟူသော အလေ့အထအယူအဆများ ပေါ်ပေါက်ခဲ့သည်။ သင်္ကြန်ပွဲတော်ကို နှစ်စဉ် ဧပြီလ (တန်ခူးလ) တွင် ကျင်းပကြသည်။ မြန်မာနိုင်ငံအတွင်းရှိ လူမျိုး၊ ဘာသာမရွေး တိုင်းရင်းသားပြည်သူများက ပါဝင်ဆင်နွှဲလေ့ရှိကြသည့်အပြင် နိုင်ငံပြင်ပတွင် ရောက်ရှိနေ ကြသော မြန်မာနိုင်ငံသားများအနေဖြင့်လည်း နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို တခုပ်တရ ကျင်းပလေ့ရှိကြသည်။ ပုဂံခေတ်မှအစပြုကာ သပြေခတ်ဖြင့် ရေပက်ကစားခဲ့သော မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ပုံရိပ်များသည် ခေတ်ကာလပေါ်မူတည်၍ ပြောင်းလဲလာခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း ပူပြင်းခြောက်သွေ့သော နွေကာလတွင် ကျင်းပလေ့ရှိသည့် သင်္ကြန်ပွဲတော်တွင် တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းခြင်းဖြင့် အေးချမ်းစွာနှစ်သစ်တစ်ခု အား ကူးပြောင်းလေ့ရှိသည့် ပုံရိပ်များမှာ သင်္ကြန်၏မှတ်တမ်းပုံရိပ်များပင် ဖြစ်ပါသည်။ ထို့ပြင် သင်္ကြန်အချိန်အခါတွင် ကုသိုလ်ကောင်းမှုပြုခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်း၊ ဘုရားကျောင်းကန်ဇရပ်များတွင် သန့်ရှင်းရေးလုပ်ဆောင်ခြင်း၊ သက်ကြီးရွယ်အိုများကို ဦးခေါင်းလျှော်ခြင်း၊ ခြေသည်းလက်သည်း လှီးဖြတ်ပေးခြင်း၊ တိရစ္ဆာန်များအား ဘေးမဲ့လွှတ်ခြင်း၊ စတုဒိသာ ကျွေးမွေးခြင်း စသည့် ထက်သန်သော သဒ္ဓါ၊ ဖြူစင်သော စေတနာနှင့်  မွန်မြတ်သန့်စင်သော  နှစ်သစ်ကူးအခါသမယမှာ မြင်ရသူတိုင်းအတွက် စိတ်နှလုံးကြည်နူးရွှင်ပြုံးမှုကို ခံစားရရှိစေသည်မှာ အမှန်ပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မကြာမီကာလတွင် မြန်မာပြက္ခဒိန်အရ နှစ်ဟောင်းတစ်ခု၏ နောက်ဆုံးနေ့စွဲအချိန်အခါများကို ကျော်ဖြတ်ရတော့မည်ဖြစ်ပြီး နှစ်သစ်အချိန်အခါသမယကို ကြိုဆိုကြရတော့မည်ဖြစ်သည်။ ယင်းသို့သော နှစ်သစ်အကူးအပြောင်းကာလကို ပြည်သူများအနေဖြင့် ပျော်ရွှင်ချမ်းမြေ့ကြည်နူးဖွယ်အတိဖြင့် ဖြတ်သန်းကာ လာမည့်နှစ်ကာလများကို ကောင်းမွန်သော အပြောင်းအလဲများစွာဖြင့် မင်္ဂလာအပေါင်း ခညောင်းနိုင်ပါစေကြောင်း The Daily Eleven သတင်းစာက ဆန္ဒပြုရေးသားအပ်ပါသည်။

(ဧပြီ ၁၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

Most Read

Most Recent