ကောင်းသောအုပ်ချုပ်ရေးဟူသည် . . .

ကောင်းသောအုပ်ချုပ်ရေးဟူသည် . . .
Published 9 April 2019

ကောင်းသောအုပ်ချုပ်ရေးဟူသည် လူတစ်ဦးချင်းစီ၏ လူ့အခွင့်အရေးနှင့် အရပ်ဘက်ဆိုင်ရာ လွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်သည့်၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှုတို့၌ ထူထောင်ထားသည့် စနစ်တစ်ရပ်ကို ဖန်တီးပေးရေး အာမခံထားရသော အစိုးရတစ်ရပ်ကို ချဉ်းကပ်ပုံဖြစ်သည်။ ကုလသမဂ္ဂ၏ ပြဋ္ဌာန်းချက်အရ ကောင်းသောအုပ်ချုပ်ရေးကို  အချက်ရှစ်ချက်ဖြင့် တိုင်းတာသည်။

ပါဝင်ခြင်း-အားလုံးသောအုပ်စုများ (အထူးသဖြင့် အားအနည်းဆုံး အုပ်စုများ) အနေဖြင့် အစိုးရစနစ်၌ တိုက်ရိုက်သော်လည်းကောင်း၊ ကိုယ်စားလှယ်များမှတစ်ဆင့်သော်လည်းကောင်း ပါဝင်နိုင်ရန် လိုအပ်သည်။ ယင်းက လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းပိုင်ခွင့်နှင့် လွတ်လပ်စွာ ဖော်ထုတ်ပြသပိုင်ခွင့်တို့နှင့်အတူ အားကောင်းသော အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် နိုင်ငံသားများကို ထွက်ပေါ်စေသည်။

တရားဥပဒေစိုးမိုးရေး- နိုင်ငံသားအားလုံး (အထူးသဖြင့် လူနည်းစုအုပ်စုများ) တို့၏ လူ့အခွင့်အရေးများနှင့် အရပ်ဘက်လွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်ပေးသည့် သမာဓိရှိသော ဥပဒေရေးရာစနစ်များဖြင့် ဖော်ဆောင်ရသည်။ ယင်းတို့အတွက် လွတ်လပ်သော တရားစီရင်ရေးအဖွဲ့နှင့် အဂတိလိုက်စားမှုကင်းစင်သော ရဲတပ်ဖွဲ့တို့ လိုအပ်သည်။

ပွင့်လင်းမြင်သာမှု- ပွင့်လင်းမြင်သာမှုဟူသည် ဆုံးဖြတ်ချက်ချမှတ်သည့် နည်းလမ်းများနှင့် ပြုလုပ်ပုံများကို နိုင်ငံသားများအနေဖြင့် နားလည်နိုင်ခြင်းနှင့် သိရှိနိုင်ခြင်းတို့ကို  ခေါ်ဆိုသည်။ အထူးသဖြင့် ယင်းဆုံးဖြတ်ချက်များက နိုင်ငံသားတို့အပေါ် တိုက်ရိုက်သက် ရောက်မှုရှိသည့် အခါမျိုးတွင်ဖြစ်သည်။ ယင်းအချက်အလက််များကို နားလည်လွယ်ပြီး  သိရှိနိုင်သည့် ပုံစံမျိုးဖြင့် ထောင့်ပံ့ရမည်ဖြစ်ပြီး ပုံမှန်အားဖြင့် မီဒီယာများမှတစ်ဆင့် ရှင်းလင်းတင်ပြရမည် ဖြစ်သည်။

တုံ့ပြန်မှု- အင်စတီကျူးရှင်းများအနေဖြင့် ၎င်းတို့နှင့် သက်ဆိုင်သူများကို ကျိုးကြောင်း ဆီလျော်သော အချိန်မူဘောင်တစ်ခုအတွင်း တုံ့ပြန်မှုပေးရမည် ဖြစ်သည်။

အများသဘောတူညီမှုကို ရှေးရှုခြင်း- ကွဲပြားခြားနားသော နိုင်ငံသားတို့နှင့်ပတ်သက်၍ အမျိုးမျိုး ကွဲပြားခြားနားသော လိုအပ်ချက်များ၊ ရှုမြင်မှုများနှင့် မျှော်လင့်ထားမှုများအကြား ချိန်ညှိပေးရန် ကြိုးပမ်းသည့် အာဂျင်ဒါတစ်ရပ်အားဖြင့် ဖော်ဆောင်ရသည်။ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် လူ့အသိုင်းအဝိုင်းတစ်ရပ်၏ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အကြောင်းအရာများကို နက်ရှိုင်းစွာ နားလည်မှုတစ်ရပ်အား  ရောင်ပြန်ဟပ်ပြသည့် ပုံစံမျိုးဖြင့် ပြုလုပ်ရန် လိုအပ်သည်။

တန်းတူရေးနှင့် အားလုံးပါဝင်ရေး- ယင်းသည် လူ့အသိုင်းအဝိုင်းတစ်ရပ်၏ အဖွဲ့ဝင်များအားလုံးအနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားများ တိုးတက်ရန် သို့မဟုတ် ထိန်းသိမ်းပေး ရန် မိမိတို့ ပါဝင်ပြီး မိမိတို့၌ ပါ၀ါရှိသည်ဟု ခံစားရရေး အာမခံထားမှုအပေါ် မူတည်သည်။ အထူးသဖြင့် အားနည်းပြီး အနိုင်ကျင့်ခံရဖွယ်ရှိသော လူများနှင့် လူအုပ်စုများအတွက် ဖြစ်သည်။

ထိရောက်မှုနှင့် လုံလောက်မှု- ယင်းသည် ရင်းမြစ်များကို တာရှည်ခံအသုံးပြုမှုက လူ့အဖွဲ့အစည်းတစ်ရပ်၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုမှတစ်ဆင့် ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းဖြစ်သည်။ တာရှည်ခံမှုဟူသည် လူမှုရေး ရင်းနှီးမြှုပ်နှံမှုများကို အာမခံခြင်းနှင့် သဘာဝရင်းမြစ်များကို အနာဂတ်မျိုးဆက်များအတွက်ပါ ထိန်းသိမ်းထားခြင်းတို့ နှစ်ရပ် စလုံးပါဝင်သည်။

တာဝန်ခံမှု- ယင်းတွင် အင်စတီကျူးရှင်းများအနေဖြင့် ပြည်သူများကို တာဝန်ခံရခြင်းအပြင် ပြည်သူများကလည်း အင်စတီကျူးရှင်းများကို တာဝန်ခံရခြင်း နှစ်ရပ်စလုံးပါဝင်သည်။ ၎င်းအပြင် အစိုးရအေဂျင်စီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍများ အားလုံးအနေဖြင့် တစ်ခုနှင့်တစ်ခု အပြန်အလှန် တာဝန်ခံရခြင်းလည်း ပါဝင်သည်။

မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံသည် အထက်ပါအချက် ရှစ်ချက်ဖြင့် ပြည့်စုံမှသာလျှင် ကောင်းသောအုပ်ချုပ်ရေးဟု ခေါ်ဆိုနိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

( ဧပြီ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent