ကန်ထရိုက်တိုက်များကို စနစ်တကျထိန်းသိမ်းနိုင်ရန် Apartment Law ရေးဆွဲနေပြီး ထပ်မံတည်ဆောက်မည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများကို အဆိုပါဥပဒေဘောင်အတွင်း၌သာ တည်ဆောက်သွားရမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ကန်ထရိုက်တိုက်များကို စနစ်တကျထိန်းသိမ်းနိုင်ရန် Apartment Law ရေးဆွဲနေပြီး ထပ်မံတည်ဆောက်မည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများကို အဆိုပါဥပဒေဘောင်အတွင်း၌သာ တည်ဆောက်သွားရမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
Published 8 April 2019
ဇေယျာငြိမ်း

ကန်ထရိုက်တိုက်များကို စနစ်တကျ ထိန်းသိမ်းနိုင်ရန် Apartment Law ကို ရေးဆွဲနေပြီး ထပ်မံတည်ဆောက်မည့် တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာများကိုလည်း အဆိုဥပဒေဘောင်အတွင်း တည်ဆောက်သွားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဧပြီ ၆ ရက်က Pan Pacific Hotel တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ တည်ထောင်သူလုပ်ငန်းလိုင်စင်ပေး အပ်ပွဲအခမ်းအနားတွင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကန်ထရိုက်တွေက ဆောက်ထားတဲ့ အိမ်တွေကိုလည်း စနစ်တကျပြုပြင်ထိန်း သိမ်းစောင့်ရှောက်ပြီးတော့ တည်ထောင်တဲ့ သူတွေကိုလည်း စနစ်တကျဆောင်ရွက်သွားနိုင်ဖို့အတွက် Apartment Law တစ်ခုလည်း လိုအပ်ပါတယ်။ နောင်မကြာခင်မှာ ကျွန်တော်တို့ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာတွေ ထပ်မံတည်ဆောက်မယ်ဆိုလို့ရှိရင် ဒီအိမ်ရာတွေကို Apartment Law ထဲကနေတစ်ဆင့် ဆောင်ရွက်သွားကြဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

လက်ရှိတွင် အဆင့်မြင့်တိုက်ခန်းများကို စနစ်တကျတည်ဆောက်နိုင်ရန်အတွက် စုပေါင်းပိုင်အဆောက်အအုံ (ကွန်ဒိုမီနီယံ) ဥပဒေထွက်ရှိလာပြီ ဖြစ်သည်။ အဆင့်မြင့် တိုက်ခန်းများနည်းတူ တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများကို ထိန်းသိမ်းနိုင်မည့်ဥပဒေ တစ်ခုလိုအပ်နေကြာင်း သိရသည်။

“အခုကွန်ဒိုမီနီယံဥပဒေ (စုပေါင်းပိုင် အဆောက်အအုံဥပဒေ) လိုပဲ Apartment Law ကလည်း အရေးကြီးတဲ့ကဏ္ဍတစ်ခုမှာ ရှိပါတယ်။ ဒီဥပဒေတွေပေါ်ထွန်းလာဖို့အတွက် ကျွန်တော်တို့ အမြန်ဆုံးကြိုးစားဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါတွေပေါ်ထွန်းလာမယ်ဆိုရင် လက်ရှိအဆောက်အအုံဟောင်းတွေကို ပြန်လည်ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့အတွက် ဒီအိမ်ရာမှာနေထိုင်တဲ့ သူတွေကိုလည်း စုစည်းပေးနိုင်တဲ့ အခြေအနေတစ်ခု ရှိလာမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့အတွင်းရှိ တိုက်ခန်းအများစုသည် ကန်ထရိုက်စနစ်ဖြင့် တည်ဆောက်ခဲ့သဖြင့် တစ်ဦးတစ်ယောက်ချင်းသာ အခန်းပိုင်ဆိုင်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် တိုက်ခန်းနေအိမ်များမှာ စတင်တည်ဆောက်စဉ်က ဆေးသုတ်ပြီး အချိန်ကစတင်ကာ ထပ်မံပြုပြင်ထိန်းသိမ်းရာတွင် အခက်အခဲများရှိကာ တစ်ပြေးညီတူညီမှုမရှိကြောင်း သိရသည်။

“ရန်ကုန်မြို့မှာရှိတဲ့ အဆောက်အအုံ တော်တော်များဟာ တစ်ဦးတစ်ယောက်ချင်းဆီက အခန်းတစ်ခန်းစီပဲ ပိုင်နေကြတာဖြစ်တယ်။ ဒါကြောင့်မို့ အဆောက်အအုံတွေကို ကြည့်လိုက်မယ်ဆိုရင် အဆောက်အအုံတွေဟာ စတင်တည်ထောင်ပြီး ဆေးတစ်ခါသုတ်ပြီး နောက်ထက်ဆေးထပ်သုတ်နိုင်တဲ့ အခြေအနေမရှိပါဘူး။ ကိုယ့်အခန်းကိုယ် သုတ်တဲ့အတွက်လည်း အရောင်တွေဟာ မျိုးစုံဖြစ်နေပါတယ်။ ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာလည်း စုပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုးမရှိဘဲ တစ်ဦးတစ်ယောက်ချင်းစီက ပြုပြင်တည်ဆောက်နေကျရတဲ့ အခြေအနေမျိုးရှိပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သော စုပေါင်းပိုင်အဆောက်အအုံဥပဒေအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံခြားသားများ ဝယ်ယူနိုင်မည့် စုပေါင်းပိုင် အဆောက်အအုံတည်ထောင်သူ လုပ်ငန်းလိုင်စင်အတွက် ဆောက်လုပ်ရေးကုမ္ပဏီ ၃၂ ခု အား စတင်ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။

 

Most Read

Most Recent