မြန်မာနိုင်ငံရှိ စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများနှင့် အများပိုင်ကုမ္ပဏီများသည် ထုတ်ဖော်ပြန်ကြားခြင်းနှင့် ပွင့်လင်းမြင်သာမှုတွင် ပျမ်းမျှရမှတ် ၄၈ ရာခိုင်နှုန်းနှင့် ၂၆ ရာခိုင်နှုန်းသာ ရရှိသေးပြီး ၆၅ ရာခိုင်နှုန်းကျော်ရရှိလာအောင် ဆောင်ရွက်ရမည်ဟု အစီရင်ခံစာ၌ ဖော်ပြ

မြန်မာနိုင်ငံရှိ စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများနှင့် အများပိုင်ကုမ္ပဏီများသည် ထုတ်ဖော်ပြန်ကြားခြင်းနှင့် ပွင့်လင်းမြင်သာမှုတွင် ပျမ်းမျှရမှတ် ၄၈ ရာခိုင်နှုန်းနှင့် ၂၆ ရာခိုင်နှုန်းသာ ရရှိသေးပြီး ၆၅ ရာခိုင်နှုန်းကျော်ရရှိလာအောင် ဆောင်ရွက်ရမည်ဟု အစီရင်ခံစာ၌ ဖော်ပြ
Published 8 April 2019
ဇေယျာငြိမ်း

မြန်မာနိုင်ငံရှိ  စတော့အိတ်ချိန်စာရင်း ဝင်ကုမ္ပဏီများနှင့် အများပိုင်ကုမ္ပဏီများသည် ပြန်ကြားခြင်းနှင့် ပွင်းလင်းမြင်သာမှုတွင် ပျမ်းမျှရမှတ် ၄၈ ရာခိုင်နှုန်းနှင့် ၂၆ ရာခိုင်နှုန်းသာ ရရှိနေသေးပြီး ပျမ်းမျှရမှတ် ၆၅ ရာခိုင်နှုန်းကျော်ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း “မြန်မာနိုင်ငံ ကော်ပိုရိတ်စီမံ အုပ်ချုပ်မှုအကဲဖြတ်မှတ်တမ်း ၂၀၁၈ မြန်မာကုမ္ပဏီများအပေါ် အကဲဖြတ်လေ့လာမှုအစီရင်ခံစာ”တွင် ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာအရ ထုတ်ဖော်ပြန်ကြားခြင်းနှင့် ပွင့်လင်းမြင်သာမှုတွင် မြန်မာနိုင်ငံရှိ စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများသည် အမြင့်ဆုံးရမှတ် ၇၂ ရာခိုင်နှုန်း ရရှိထားပြီး ပျှမ်းမျှရမှတ်တွင် ၄၈ ရာခိုင်နှုန်းသာရရှိထားကြောင်း ဖော်ပြထားသည်။

ထို့အတူ အများပိုင်ကုမ္ပဏီများသည် အမြင့်ဆုံးရမှတ် ၅၂ ရာခိုင်နှုန်းရရှိထားပြီး ပျမ်းမျှရမှတ်တွင် ၂၆ ရာခိုင်နှုန်းသာရရှိထားသည်။

အဆိုပါကုမ္ပဏီများသည် ရမှတ် ၆၅ ရာခိုင်နှုန်းအထက်ရရှိအောင် ရည်မှန်းဆောင်ရွက်သင့်ပြီး ယင်းအချက်က ရှယ်ယာပိုင်ဆိုင်သူများအား ပိုမိုကောင်းမွန်သောကော်ပိုရိတ် ထုတ်ဖော်ပြန်ကြားချက်များပေးရာတွင် YSX နှင့် SECM တို့၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ပိုမိုအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ပုဂ္ဂလိကကုမ္ပဏီများသည် အမြင့်ဆုံးရမှတ် ၃၈ ရာခိုင်နှုန်းသာ ရရှိထားပြီး ပျမ်းမျှရမှတ် ၂၈ ရာခိုင်နှုန်းသာ ရရှိထားသည်။

ယင်းကဲ့သို့ ရမှတ်များတိုင်းတာရာတွင် ကော်ပိုရိတ်သတင်းအချက်အလက် ထုတ်ဖော်ပြန်ကြားမှု၏ တိကျမှု၊ ပြည့်စုံမှုနှင့် မှန်ကန်မှုများကို ထည့်သွင်းစဉ်းစားထားခြင်းဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ၏ ပိုင်ဆိုင်မှုဖွဲ့စည်းပုံ၊ ဆက်စပ်ကုမ္ပဏီများနှင့် ရောင်းဝယ်ခြင်း၊ ဘဏ္ဍာရေးနှင့် ဘဏ္ဍာရေးနှင့်မဆိုင်သော သတင်းအချက်အလက်များသည်လည်း ထုတ်ဖော်ပြန်ကြားရန် အရေးပါသည့်ကိစ္စရပ်များဖြစ်ကြောင်း သိရသည်။

ထို့ပြင် အာဆီယံစံနှုန်းသတ်မှတ်ချက်အရ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုတွင် မြန်မာကုမ္ပဏီများသည် ပျမ်းမျှရမှတ် ရာခိုင်နှုန်း ၃၀ သာရှိပြီး ၂၀၁၅ ခုနှစ် အာဆီယံပျမ်းမျှ ရမှတ် ၆၉ ရာခိုင်နှုန်းထက်နိမ့်ကျနေသဖြင့် ၎င်းတို့၏ ကော်ပိုရိတ်စီမံခန့်ခွဲမှု အလေ့အထများကို မြှင့်တင်ရန် လိုအပ်ကြောင်းကိုလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံကော်ပိုရိတ်စီမံအုပ်ချုပ်မှု အကဲဖြတ်မှတ်တမ်း ၂၀၁၈ မြန်မာကုမ္ပဏီများအပေါ် အကဲဖြတ်လေ့လာမှု အစီရင်ခံစာကို ၂၀၁၁ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အာဆီယံအရင်းအနှီးစျေးကွက် ဖိုရမ် (ACMF) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့၏ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သော အာဆီယံကော်ပိုရိတ်စီမံအုပ်ချုပ်မှု အကဲဖြတ်မှတ်တမ်း (ACGS) ကို အခြေခံကာ မြန်မာကုမ္ပဏီ ၂၄ ခု၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အလေ့အထများကို အကဲဖြတ်သုံးသပ်ထားခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာကုမ္ပဏီများ၏ ကော်ပိုရိတ်စီမံ အုပ်ချုပ်မှုအလေ့အထများကို အကဲဖြတ်လေ့လာရန် အပိုင်းငါးခုခွဲခြားထားသော စံညွှန်း ၁၄၂ ခု (သို့မဟုတ် ACGS တွင် ပါဝင်သော စံညွှန်းများ၏ ၉၈ ရာခိုင်နှုန်း) ကို အသုံးပြုထားခြင်းဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ၊ မြန်မာနိုင်ငံ ချေးငွေသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်းကြားမှုဦးစီးဌာန (DICA) ၊ ရန်ကုန် စတော့အိတ်ချိန်း(YSX) တို့က ပါဝင်ကူညီပေးထားကြောင်း သိရသည်။     

Most Read

Most Recent