အဂတိလိုက်စားမှု၏ နိုင်ငံရေးနှင့် စီးပွားရေးအပေါ် သက်ရောက်မှုများ

အဂတိလိုက်စားမှု၏ နိုင်ငံရေးနှင့် စီးပွားရေးအပေါ် သက်ရောက်မှုများ
Published 8 April 2019

နိုင်ငံရေးတွင် အဂတိလိုက်စားမှုသည် ပုံမှန်လုပ်ငန်းစဉ်များကို မထီမဲ့မြင်ပြုခြင်း သို့မဟုတ် လမ်းလွဲစေခြင်းတို့ဖြင့် ဒီမိုကရေစီနှင့် ကောင်းသောအုပ်ချုပ်ရေးကို ယိုယွင်းစေသည်။ ရွေးကောက်ပွဲများနှင့် ဥပဒေပြုရေးတို့၌ အဂတိလိုက်စားခြင်းသည် တာဝန်ခံမှုကို လျော့ကျစေပြီး မူဝါဒချမှတ်ရေး၌ ကိုယ်စားပြုမှုကို ပုံပျက်စေသည်။ တရားရေးစနစ်၌ အဂတိလိုက်စားခြင်းသည် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေပြီး ပြည်သူ့အုပ်ချုပ်ရေး၌ အဂတိလိုက်စားခြင်းသည် အများပြည်သူဝန်ဆောင်မှုများကို ထိရောက်မှုမရှိ ဖြစ်သွားစေသည်။ ပို၍အထွေထွေသဘောဆောင်မှုအရ အဂတိလိုက်စားခြင်းသည် အစိုးရ၏ အင်စတီကျူးရှင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ယိုယွင်းပျက်စီးသွားစေပြီး နိုင်ငံ၏ ရင်းမြစ်များ လမ်းလွဲရောက်ရှိသွားကာ အစိုးရအရာရှိများ အရောင်းအဝယ် လုပ်ခံရတော့သည်။ အဂတိလိုက်စားမှုသည် အစိုးရအဖွဲ့၏ တရားဝင်မှုကိုလည်းကောင်း၊ ဒီမိုကရေစီစံတန်ဖိုးများဖြစ်သည့် ယုံကြည်မှုနှင့် သည်းခံမှုတို့ကိုလည်းကောင်း ယုတ်လျော့သွားစေသည်။ အဂတိလိုက်စားမှုများသည် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်သော အစိုးရ၏ အစီအစဉ်များအပေါ်လည်း သက်ရောက်နိုင်သည်။ အဂတိလိုက်စားမှုက ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ကုန်ကျစရိတ်ကို မြင့်တက်သွားစေပြီး ထိရောက်မှုကို ကျဆင်းစေသည်။ အဂတိလိုက်စားမှုများသာ မရှိပါက အစိုးရ၏ စီမံကိန်းများသည် အမှန်တကယ် ကုန်ကျမှုသာရှိမည်ဖြစ်သောကြောင့် ကုန်ကျစရိတ် ထိရောက်သက်သာစေသည်။ အဂတိလိုက်စားမှုကြောင့် အပိုစရိတ်များ ထည့်သွင်းလိုက်ပါက အကုန်အကျပို၍များသွားပြီး ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုဆိုင်ရာအစီအစဉ်များ ပုံပျက်သွားသောကြောင့် ထိရောက်မှုလျော့နည်းသွားစေသည်။

ပုဂ္ဂလိကကဏ္ဍများ၌ တရားမဝင် ပေးရသည့် စျေးနှုန်းများကြောင့်လည်းကောင်း၊ သက်ဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းရာ၌ စီမံခန့်ခွဲမှုဆိုင်ရာ ကုန်ကျစရိတ်များကြောင့်လည်းကောင်း သဘောတူညီထားမှုများ ချိုးဖောက်ခံရနိုင်ခြေ သို့မဟုတ် စုံစမ်းခံရနိုင်ခြေ ရှိမှုတို့ကြောင့်လည်းကောင်း လုပ်ငန်းကုန်ကျစရိတ်များ အလွန်မြင့်တက်သွားနိုင်သည်။ အချို့က အဂတိလိုက်စားမှုကြောင့် ဗျူရိုကရေစီအဆင့်များကို လျှော့ချနိုင်ခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေသည်ဟု ဆိုကြသော်လည်း လာဘ်ငွေများ ရရှိနိုင်မှုက သက်ဆိုင်ရာ အရာရှိများကို လုပ်ငန်းများ ကြန့်ကြာအောင် တမင်ထစ်ထားနိုင်သည့် လုပ်ထုံးလုပ်နည်း အသစ်များချမှတ်အောင် ဆွဲဆောင်နိုင်သည်။ အဂတိလိုက်စားမှုက လုပ်ငန်းကုန်ကျစရိတ်များကို ဖောင်းပွသွားစေသည့် နေရာမျိုးတွင် ယင်းသည် စုံစမ်းစစ်ဆေးမှုနှင့် အရေးယူ ဆောင်ရွက်မှုနယ်ပယ်ကိုပါ ပုံဖျက်ပစ်လိုက်ပြီး အဆက်အသွယ်ကောင်းသည့် ကုမ္ပဏီများသည် တရားမျှတစွာ ယှဉ်ပြိုင်ရမှုမျိုးမှ လွတ်ကင်းသွားသောကြောင့် အရည်အသွေးမရှိသည့် ကုမ္ပဏီများကိုသာ ရရှိလေတော့သည်။ အဂတိလိုက်စားမှုများသည် ကုမ္ပဏီများ၏ အခွန်ဆောင်ရမှုနှုန်းအပေါ်လည်း တိုက်ရိုက်သက်ရောက်မှုရှိသည်။ လာဘ်ထိုးခံရသော သက်ဆိုင်ရာအကောက်ခွန်အရာရှိများက ကုမ္ပဏီ၏ အခွန်ဆောင်ရမှုကို လျှော့ချပေးနိုင်သည်။ ယင်းသည် လာဘ်ထိုးရမှုပမာဏက အမှန်တကယ် အခွန်ဆောင်ရမည့်နှုန်းထက် လျော့နည်းမှသာ ဖြစ်နိုင်သည်။ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှုများသည် လာဘ်ပေးလာဘ်ယူများနှင့် ဖြတ်စားလျှပ်စားများ ပေါများသည့်နေရာ၌ ခရိုနီစီမံကိန်းများအဖြစ်သို့ လမ်းလွဲရောက်ရှိသွားသောကြောင့်  အဂတိလိုက်စားမှုက ပြည်သူပိုင်ကဏ္ဍ၌လည်း စီးပွားရေးကို ပုံဖျက်ပစ်သည်။

မည်သို့ပင်ဆိုစေကာမူ အဂတိလိုက်စားမှုများ ပေါများသည့်နိုင်ငံ၌ နိုင်ငံရေးနှင့် စီးပွားရေးနှစ်ရပ်စလုံး ပုံပန်းပျက်ကာ ယိုယွင်းပျက်စီးလာမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဧပြီလ ၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

Most Read

Most Recent