အားနည်းနေဆဲ အဝေးကွင်းခြေစွမ်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားပြန်ဝင်သွားတဲ့ အာဆင်နယ်

အားနည်းနေဆဲ အဝေးကွင်းခြေစွမ်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားပြန်ဝင်သွားတဲ့ အာဆင်နယ်
Published 7 April 2019

ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲအတွက် အရေးအပါဆုံးအချိန်ကို ရောက်ရှိနေတဲ့ အာဆင်နယ်အသင်းဟာ ဒီနေ့ပွဲမှာ ရမ်ဆေး၊ အူဘာမီယန်းတို့ကို အရန်ခုံပေါ်မှာပဲ ထားခဲ့ပြီး ပွဲထွက်လာခဲ့တာကို တွေ့ရပါတယ်။

အဲဗာတန်အသင်းကလည်း နောက်ပိုင်းမှာ ပုံစံကောင်းပြနေတဲ့ လူစာရင်းအတိုင်းပဲ ပွဲထွက်လာခဲ့ပြီး မိုက်ကယ်ကင်းနေရာမှာ ၀ါရင့်နောက်ခံလူ ဂျာဂယ်လ်ကာ ဝင်ကစားတာသာ ပြောစရာရှိတယ်။

အာဆင်နယ်က ပွဲကို ကောင်းကောင်း စတင်နိုင်ခဲ့ပြီး အစောပိုင်းမှာ အဲဗာတန်အသင်းဘက်ကို ဆက်တိုက်စိုးမိုးပြီး ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့တယ်။

ဒါပေမဲ့ ပွဲချိန်(၁၀)မိနစ်မှာ ဒစ်ဂ်နေးရဲ့ လက်ပစ်ဘောက ကျလာတာကနေ ၀ါရင့်နောက်ခံလူ ဂျာဂယ်လ်ကာ ပြေးဝင်ပိတ်သွင်းခဲ့ပြီး အဲဗာတန်အသင်း ဦးဆောင်ဂိုး စရခဲ့တယ်။

ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်မှာတော့ အာဆင်နယ်အသင်း တည်ငြိမ်မှုပျက်ပြားခဲ့ပြီး အဲဗာတန်အသင်းဘက်ကို ထိရောက်တဲ့ ထိုးဖောက်မှုတွေ မလုပ်နိုင်တော့ဘူး။

ဒုတိယပိုင်းအစမှာတော့ ရစ်ချာလီဆန်ရဲ့ ဒုက္ခပေးမှုကို ခံနေရတဲ့ ကိုလာရှီနက်နဲ့ ကွင်းလယ်မှာ ခြေမပေါ်တဲ့ အယ်လ်နန်နီတို့နေရာမှာ အူဘာမီယန်းနဲ့ ရမ်ဆေးတို့ ဝင်လာခဲ့ပြီး ကစားကွက်ကလည်း (၄-၂-၃-၁) ပုံစံကို ပြောင်းကစားခဲ့တယ်။ 

ဒါပေမဲ့ တကယ်အလုပ်ဖြစ်တာက အဲဗာတန်အသင်းဖြစ်ခဲ့ပြီး အာဆင်နယ်အသင်းဘက်ကို အကြိမ်ကြိမ်ထိုးဖောက်နိုင်ခဲ့သလို၊ အခွင့်အရေးတွေလည်း ဆက်တိုက်ရခဲ့တယ်။

ဒါပေမဲ့ အကြိမ်ကြိမ်ရခဲ့တဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့လို့ အာဆင်နယ် သက်သာရာရခဲ့ပါတယ်။

ရမ်ဆေး၊ အူဘာမီယန်းတိို့ ဝင်လာခဲ့ပေမယ့် အာဆင်နယ် ကစားပုံတက်မလာခဲ့ဘဲ အဲဗာတန်အသင်းက ဒုတိယပိုင်းတစ်ပိုင်းလုံးကို စိုးမိုးကစားသွားခဲ့တယ်။

အာဆင်နယ်အသင်းဟာ အဲဗာတန်ဘက်ကို နေရာလွတ်တွေအများကြီး ပေးခဲ့ရပြီး အဲဒီနေရာလွတ်တွေကနေ လျင်မြန်တဲ့ အဲဗာတန်တိုက်စစ်ကစားသမားတွေက တရစပ်ထိုးနှက်ခဲ့ကြလို့ အာဆင်နယ် ကစားကွက်တောင် ပြန်မတည်နိုင်ခဲ့ဘူး။

ဒီရှုံးပွဲက အာဆင်နယ်အသင်းရဲ့ အဝေးကွင်းအားနည်းမှုကို သက်သေပြခဲ့တဲ့ နောက်ထပ်တစ်ပွဲဖြစ်ပြီး ဒီရှုံးပွဲကြောင့် တနင်္လာနေ့မှာ ကစားမယ့်ပွဲမှာ ချယ်လ်ဆီးသာ အမှတ်ရခဲ့ရင် အဆင့်(၄)နေရာကနေ ဖယ်ပေးရတော့မှာ ဖြစ်ပါတယ်။

Most Read

Most Recent