နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှု

နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှု
Published 6 April 2019

တရားမဝင်သည့် ပုဂ္ဂလိက အကျိုးအမြတ်အတွက် အစိုးရအရာရှိများ သို့မဟုတ် ၎င်းတို့နှင့် ပတ်သက် ဆက်စပ်နေသည့် ကွန်ရက်များက အာဏာကို အသုံးပြုခြင်းအား နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုဟု ခေါ်သည်။ ရာထူးရှိသူတစ်ဦး၏ တရားမဝင်သော လုပ်ရပ်တစ်ခုသည် ၎င်း၏ ရာထူးနှင့်ဆိုင်သော လုပ်ငန်းတာဝန်နှင့် တိုက်ရိုက်ပတ်သက်နေမှသာလျှင် နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှု၌ အကျုံးဝင်သည်။ နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးရှိရာ လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ခရိုနီစနစ် ကျင့်သုံးခြင်း၊ ဆွေမျိုးကောင်းစားရေးဝါဒ ကျင့်သုံးခြင်း၊ ဒေသစွဲ လွန်ကဲစွာ ဘက်လိုက်ခြင်း၊ သူကောင်းပြုခြင်း၊ အာဏာအသုံးပြု၍ မဲဆွယ်ခြင်းနှင့် အလွဲသုံးစား ပြုလုပ်ခြင်း အစရှိသည်တို့ ပါဝင်သည်။ နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုသည် မူးယစ်ဆေး မှောင်ခိုကုန်ကူးခြင်း၊ ငွေကြေးခဝါချခြင်းနှင့် လူကုန်ကူးခြင်းကဲ့သို့သော ဒုစရိုက်လုပ်ငန်းများကို ကြီးထွားစေနိုင်သည်။ နိုင်ငံရေးအတိုက်အခံများကို နှိပ်ကွပ်ခြင်းနှင့် ရဲတပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများကဲ့သို့သော အခြားရည်ရွယ်ချက်များအတွက် အစိုးရအာဏာကို တလွဲအသုံးပြုခြင်းတို့သည်လည်း နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှု၌ အကျုံးဝင်သည်။

တရားဥပဒေနှင့် ငြိစွန်းသည့် အဂတိလိုက်စားမှုလုပ်ဆောင်ချက်များကို သတ်မှတ်ရာတွင် နိုင်ငံနှင့် တရားစီရင်ရေးစနစ်အပေါ် မူတည်လျက် ကွဲပြားခြားနားနိုင်သည်။ ဥပမာအားဖြင့် နိုင်ငံရေးဆိုင်ရာ ရန်ပုံငွေစုဆောင်းပုံအချို့သည် နိုင်ငံတစ်နိုင်ငံ၌ တရားဝင်ပြီး အခြားနိုင်ငံတစ်နိုင်ငံ၌ ဥပဒေနှင့် ငြိစွန်းနိုင်သည်။ အချို့သောအမှုများတွင် အစိုးရအရာရှိများ၌ ကျယ်ပြန့်လွန်းသော သို့မဟုတ် သတ်သတ်မှတ်မှတ်မရှိသော လုပ်ပိုင်ခွင့်အာဏာများ ရှိခြင်းကြောင့် ၎င်းတို့၏လုပ်ဆောင်ချက်များတွင် တရားဥပဒေနှင့် လျော်ညီသည်၊ မလျော်ညီသည်အား ခွဲခြားရခက်ခဲသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာ၌ လာဘ်ပေးလာဘ်ယူ ပြုလုပ်မှုသက်သက်သည်ပင်လျှင် နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်ထရီလျံ တန်ဖိုးရှိ သည်ဟု ခန့်မှန်းထားသည်။ အထိန်းအကွပ်မဲ့သော နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုများ ဖြစ်ပေါ်နေသည့် အနေအထားတစ်ရပ်ကို Kleptocracy ဟု ခေါ် သည်။ ယင်းမှာ သူခိုးများက အုပ်ချုပ်ခြင်းဟု အဓိပ္ပာယ်ရသည်။

ယခုအခါ၌ အင်စတီကျူးရှင်းဆိုင်ရာ အဂတိလိုက်စားမှုဟု ခေါ်ဆိုသော အဂတိလိုက်စားမှုပုံစံအချို့သည် လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းနှင့် အခြားသော သိသာထင်ရှားသည့် ကိုယ်ကျိုးရှာခြင်း အမျိုးအစားတို့မှနေ၍ ကွဲပြားခြားနားသည်။ အင်စတီကျူးရှင်း၏ မူရင်းရည်ရွယ်ချက်နှင့် ဆန့်ကျင်နေသော အကျိုးစီးပွားများရှိသည့် လူပုဂ္ဂိုလ်တို့ထံမှ ဘဏ္ဍာရေးအထောက်အပံ့များအပေါ် မှီခိုနေသည့် မည်သည့်အင်စတီကျူးရှင်းမျိုးမဆို၌ အဂတိလိုက်စားမှုဆိုင်ရာ အလားတူပြဿနာများ ဖြစ်ပေါ်နိုင်သည်။ ကာလရွေ့လျောလာသည်နှင့်အမျှ အဂတိလိုက်စားမှုကို ကွဲပြားခြားနားစွာ အဓိပ္ပာယ်သတ်မှတ်၍ လာကြသည်။ ဥပမာအားဖြင့် ရိုးရှင်းသော အနေအထားတစ်ရပ်၌ အစိုးရအဖွဲ့အတွက် အလုပ်လုပ်ပေးရခြင်း သို့မဟုတ် အစိုးရကိုယ်စားလှယ် တစ်ဦးအဖြစ် အလုပ်လုပ်ပေးရခြင်းအတွက်  လက်ဆောင်တစ်ခု လက်ခံခြင်းသည် ကျင့်ဝတ်နှင့်မညီခြင်းမျိုးဖြစ်သည်။ လွတ်လွတ်လပ် လပ်ပေးသော လက်ဆောင်ဖြစ်သော်လည်း ယင်းမှာ လက်ခံသူအား ဘက်လိုက်မှုအချို့ ပြုလုပ်ရန် မြှူဆွယ်ခြင်းပင်ဖြစ်သည်။ ကိစ္စရပ်များစွာတို့၌ လက်ဆောင်ပေးခြင်းကို ရာထူးတိုးရန်၊ ကန်ထရိုက်တစ်ခုရရန်၊ အလုပ်ရရန် သို့မဟုတ် အချို့သောလုပ်ငန်းတာဝန်များမှနေ၍ ကင်းလွတ်ခွင့်ရရန်ကဲ့သို့သော မျက်နှာသာရရေး ကြိုးပမ်းရန် ရည်ရွယ်ချက်အဖြစ်သာ ရှုမြင်ကြသည်။ မျက်နှာသာပေးရေး၌ အဓိကကျသော အကြီးတန်းဝန်ထမ်းတစ်ဦးကို ရာထူးနိမ့်သည့် အခြားဝန်ထမ်းတစ်ဦးက လက်ဆောင်ပေးခြင်းမျိုး ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ Kleptocracy  ဟုခေါ်သော သူခိုးများက အုပ်ချုပ်သည့် အနေအထားမျိုးသို့ လုံးဝ ကျရောက်သွားခြင်းမျိုး မရှိစေရန်အတွက် နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုများကို ကျောသားရင်သား မခွဲခြားဘဲ တိကျစွာ ဖော်ထုတ်အရေးယူသွားရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဧပြီ ၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent