ကုလသမဂ္ဂကော်မရှင် UNESCAP က ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်း ၇ ဒသမ ၂ ရာခိုင်နှုန်း ရှိမည်ဟု မျှော်မှန်း

ကုလသမဂ္ဂကော်မရှင် UNESCAP က ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်း ၇ ဒသမ ၂ ရာခိုင်နှုန်း ရှိမည်ဟု မျှော်မှန်း
Published 6 April 2019
စည်သူအောင်

ကုလသမဂ္ဂ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP) က ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဂျီဒီပီ (စုစုပေါင်း ပြည်တွင်းထွက်ကုန်တန်ဖိုး) တိုးတက်မှုနှုန်း ၇ ဒသမ ၂ ရာ ခိုင်နှုန်းရှိမည်ဟု မျှော်မှန်ထားကြောင်း UNESCAP ၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာ (Economic and Social Survey of Asia and the Pacific 2019 : Amhtions beyond growth) အရ သိရသည်။

UNESCAP ၏ ခန့်မှန်းချက်အရ မြန် မာနိုင်ငံဂျီဒီပီတိုးတက်မှုနှုန်းသည် ယခုနှစ် ပိုင်းအတွင်း အမြင့်ပိုင်းတွင် ရှိနေသော်လည်း တစ်ဖက်တွင်း ငွေကြေးဖောင်းပွမှုနှုန်း လိုက်ပါမြင့်တက် လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ နှစ်အလိုက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တွင် ၆ ဒသမ ၉ ရာခိုင်နှုန်းဖြစ်ပြီး၂၀၁၉ ခုနှစ်တွင်  ၇ ဒသမ ၄ ရာခိုင်နှုန်းရှိရန် ခန့်မှန်းခဲ့ရာမှ ၇ ဒသမ ၂ ရာခိုင်နှုန်းသာ တိုးတက်မည်ဟု ပြင်ဆင်ခန့်မှန်း ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေမှာ ၂၀၁၆ ခုနှစ်တွင် ၇ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၄ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၆ ဒသမ ၉ ရာ ခိုင်နှုန်းဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ခြောက်ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းတွက်ချက်ထား ခြင်းဖြစ်သည်။

အရှေ့တောင်အာရှ နိုင်ငံများအနက် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှုန်းကို ၇ ဒသမ ၂ ရာခိုင်နှုန်းအထိ အမြင့်ဆုံး မျှော်မှန်းထားခြင်းဖြစ်ပြီး နိုင်ငံအလိုက် နှုန်းထားများမှာ ကမ္ဘောဒီးယား ခုနစ်ရာခိုင်နှုန်း၊ လာအို ၆ ဒသမ ၈ ရာခိုင်နှုန်း၊ ဗီယက်နမ် ၆ ဒသမ ၇ ရာခိုင်နှုန်း၊ ဖိလစ်ပိုင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ အင်ဒိုနီးရှှား ၅ ဒသမ ၂ ရာခိုင် နှုန်း၊ အရှေ့တီမော ငါးရာခိုင်နှုန်း၊ မလေး ရှား ၄ ဒသမ ၇ ရာခိုင်နှုန်း၊ ထိုင်း ၃ ဒသမ ၈ ရာခိုင်နှုန်း၊ စင်ကာပူ ၂ ဒသမ ၄ ရာခိုင်နှုန်း၊ ဘရူနိုင်း နှစ်ရာခိုင်နှုန်းရှိရန် ခန့်မှန်းထားခြင်း ဖြစ်သည်။

အာဆီယံဒေသ တစ်ခုလုံး၏ စီးပွားရေး တိုးတက်မှုနှုန်းကို ၄ ဒသမ ၉ ရာခိုင်နှုန်းရှိ ရန် မျှော်မှန်းထားပြီး သုံးနှစ်ဆက်တိုက် ကျဆင်းလာခြင်းဖြစ်ကာ ၂၀၁၇ ခုနှစ်တွင် ၅ ဒသမ ၁ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ငါးရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

“ပို့ကုန်ဦးစားပေး နိုင်ငံတွေအနေနဲ့ ဥရောပစျေးကွက်နဲ့ အမေရိကန်စျေးကွက်က ဝယ်လိုအား နည်းသွားတာနဲ့ ရင်ဆိုင်နေရပါတယ်။ အမေရိကန်-တရုတ်ကြားမှာ ဖြစ် နေတဲ့ ကုန်သွယ်ရေး ပဋိပက္ခ ဖြစ်စဉ်တွေကြောင့်လည်း မသေချာ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းလာနိုင်တယ်” ဟု UNESCAP ၏အစီရင်ခံစာတွင် သုံးသပ်ထားသည်။

ထို့ပြင် အာရှနှင့် ပစိဖိတ်ဒေသနိုင်ငံများ အနေဖြင့် ကမ္ဘာတစ်ဝန်းလုံးဆိုင်ရာ စိန်ခေါ်ချက်များကြောင့် နိုင်ငံ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန်နှင့် တည်ငြိမ်မှုမရှိသော ကမ္ဘာ့ကုန်စည် စျေးနှုန်းများကြောင့် ထိခိုက်မှု မရှိစေရန် ပြင်ဆင်ကြရန် တိုက်တွန်းထားသည်။

 

Most Read

Most Recent