လူမျိုးရေးခွဲခြားခံရမှုနှင့် ဒဏ်ငွေသာချမှတ်သည့် ဆုံးဖြတ်ချက်များကြောင့် ကစားသမားဘဝအနားယူမည့်အချိန် မြန်မြန်ရောက်ချင်ပြီဟု ဒန်နီရို့စ် ဝန်ခံ

လူမျိုးရေးခွဲခြားခံရမှုနှင့် ဒဏ်ငွေသာချမှတ်သည့် ဆုံးဖြတ်ချက်များကြောင့် ကစားသမားဘဝအနားယူမည့်အချိန် မြန်မြန်ရောက်ချင်ပြီဟု ဒန်နီရို့စ် ဝန်ခံ
Published 6 April 2019

စပါးအသင်း၏ အင်္ဂလန်လက်ရွေးစင်ဘယ်နောက်ခံလူ ဒန်နီရို့စ်က လူမျိုးရေးခွဲခြားခံရသည့်ဖြစ်ရပ်များနှင့် ယင်းဖြစ်ရပ်များအတွက် ဒဏ်ငွေသာ ချမှတ်အရေးယူသည့် ဆုံးဖြတ်ချက်များကြောင့် ကစားသမားဘဝမှ အနားယူမည့်အချိန် မြန်မြန်ရောက်စေချင်ပြီ ဟု ဝန်ခံပြောကြားသည်။

ဒန်နီရို့စ် (၂၈ နှစ်) နှင့် အင်္ဂလန်အသင်းဖော် စတာလင်နှင့် ဟတ်ဆန်အိုဒွိုင်းတို့သည် ပြီးခဲ့သည့်ရက်သတ္တပတ်က မွန်တီနီဂရိုး-အင်္ဂလန် ယူရိုခြေစစ်ပွဲ၌ ပြိုင်ဘက်ပရိသတ်များ၏ လူမျိုးရေးခွဲခြားမှုခံခဲ့ရသည်။ 

ပထမပိုင်းကစားနေစဉ် ပွဲကြည့်စင်ပေါ်မှ 'မျောက်'ဟု အော်ဟစ်လှောင်ပြောင်သံများ ကြားရသလို ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ဒန်နီရို့စ် ပြစ်ဒဏ်ကျူးလွန်သဖြင့် အဝါကတ်ပြသခံရပြီးနောက် ၎င်းအား လှောင်ပြောင်သံများ ပိုမို ကျယ်လောင်လာကြောင်း သိရသည်။ 

သို့သော် ဒန်နီရို့စ်အနေဖြင့် ပထမဆုံးအကြိမ် လူမျိုးရေးခွဲခြားခံရခြင်းမဟုတ်ဘဲ ၂၀၁၂ ခုနှစ် အောက်တိုဘာတွင်လည်း အင်္ဂလန် ယူ-၂၁ အသင်းနှင့်အတူ ဆားဘီးယားနိုင်ငံ၌ ယှဉ်ပြိုင်ကစားစဉ် ပြိုင်ဘက်ပရိသတ်များက ဘောလုံးထိတိုင်း 'မျောက်'ဟု လှောင်ပြောင်ခဲ့ကြသလို လက်ပစ်ဘောမြောက်ရန် ဘောလုံးသွားယူစဉ် ကျောက်တုံးများဖြင့် ပစ်ပေါက် ခံရကြောင်း သိရသည်။ 

ဥရောပဘောလုံးအဖွဲ့ ချုပ် (UEFA)သည် ထိုစဉ်က ဆားဘီးယားအသင်းအား အိမ်ကွင်းတစ်ပွဲ ကွင်းပိတ်ပြစ်ဒဏ်နှင့် ဒဏ်ကြေး ယူရို ၈၀,၀၀၀ သာချမှတ် ခဲ့သောကြောင့် ဒန်နီရို့စ်က ယင်းကဲ့သို့ သုံးသပ်ပြောကြားခြင်းဖြစ်သည်။

''ကျွန်တော်ခံစားရတာတွေက တော်တော်လုံလောက်နေပါပြီ။ အဲဒီအချိန်မှာ ကိုယ့်အတွက် ဘယ်လိုအစီအစဉ်တွေဆွဲရ မလဲလို့ တွေးခဲ့မိတယ်။ ငါးနှစ်၊ ခြောက်နှစ်လောက်ဆိုရင် ဘောလုံးလောကကို ကျောခိုင်းဖို့ စဉ်းစားထားပြီး အဲဒီအချိန်ရောက်ဖို့တောင် မစောင့်နိုင်တော့ပါဘူး။ ကျွန်တော်က ဘောလုံးကစားရတာ ပျော်ရွှင်လို့ တတ်နိုင် သလောက်တော့ ဆက်ကစားချင်သေးတယ်။ ဒါပေမဲ့ ဘောလုံးလောကမှာ နိုင်ငံရေးအပါအဝင် ဖြစ်နေတဲ့ကိစ္စတွေက အများကြီးပါပဲ။ ဘောလုံးကို စွန့်လွှတ်မယ့်အချိန်ရောက်ဖို့ မစောင့်နိုင်တော့ဘူးဆိုတာ ရိုးရိုးသားသား ပြောတာပါ။ ကျွန်တော့်မန်နေဂျာ (ပိုချက်တီနို) က မိုက်ဒင်း (ဒိုင်လူကြီး) ကို ကန့်ကွက်ပြောဆိုရုံနဲ့ နှစ်ပွဲပယ်ခံရတာ ခင်ဗျားတို့လည်းတွေ့ ကြမှာပါ။ ဒါပေမဲ့ နိုင်ငံတစ်ခုကတော့ လူမျိုးရေးခွဲခြားမှုအတွက် ဒဏ်ကြေးနည်းနည်းပဲ ဆောင်ရတယ်။ ဒါက ရယ်စရာပါပဲ။ ဘောလုံးလောကမှာ ဒီလိုကိစ္စတွေကို ကြီးလေးတဲ့ပြစ်ဒဏ်ချရင်တော့ ပိုမဆိုးလာလောက်ဘူးလို့ မျှော်လင့်ရပါတယ်''ဟု ၎င်းက ဆိုသည်။

Most Read

Most Recent