အဂတိလိုက်စားမှုနှင့် ဆင်းရဲမွဲတေမှု

အဂတိလိုက်စားမှုနှင့် ဆင်းရဲမွဲတေမှု
Published 5 April 2019

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဂတိလိုက်စားမှုဟူသည့် အကြောင်းအရာက လွှမ်းမိုးကြီးစိုး၍ ထားသည်။ ဥပမာအားဖြင့် ၂၀၁၀ ပြည့်နှစ် ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲများ၌ ရေပန်းအစားဆုံး ကြွေးကြော်သံမှာ “အဂတိလိုက်စားတဲ့ အရာရှိတွေသာ မရှိရင် ဆင်းရဲတဲ့ လူတွေလည်း မရှိဘူး” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ အင်စတီကျူးရှင်းများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အားစိုက်ကြိုးပမ်းလာခြင်းမှာ အဆန်းတကြယ် မဟုတ်ပေ။ “ကမ္ဘာ့ဘဏ်အုပ်စုသည် ဆင်းရဲမွဲတေမှုကို လျှော့ချရန် ၎င်း၏ လုပ်ပိုင်ခွင့်မှနေ၍ အုပ်ချုပ်ရေးနှင့် အဂတိလိုက်စားမ ှုတိုက်ဖျက်ရေး (စွမ်းဆောင်နိုင်စွမ်းရှိပြီး တာဝန်ခံမှုရှိသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ဆင်းရဲသူများအတွက် အခွင့်အလမ်းများ ဖန်တီးပေးပြီး ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ထောက်ပံ့ကာ ဖွံ့ဖြိုးရေးရလဒ်များကို တိုးတက်အောင် ပြုလုပ်ပေးရေး) အပေါ် အဓိကထားကြောင်း” အခိုင်အမာပြောကြားလျက် ကမ္ဘာ့ဘဏ်သည် “ကောင်းသော အုပ်ချုပ်ရေး” အား အဓိက ထိုးဖောက်မှုအဖြစ် ဆောင်ရွက်ခဲ့သည်။

အစိုးရအပေါ် ယုံကြည်မှုကို ယိုယွင်းပျက်စီးစေသောကြောင့် အဂတိလိုက်စားမှုကို  ဝေဖန်ရှုတ်ချပြီး အဂတိ လိုက်စားသည့် အရာရှိများကို ပြတ်ပြတ်သားသား တရားစွဲဆို အပြစ်ပေးရမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ အဂတိလိုက်စားမှုသည် ဒီမိုကရေစီကျင့်ထုံးများနှင့် လုပ်ငန်းစဉ်များ တည်မှီနေရာဖြစ်သော အရပ်ဘက်လူ့အဖွဲ့အစည်း၏ ကိုယ်ကျင့်တရားဆိုင်ရာ အာမခံချက်များကိုလည်း ချည့်နဲ့သွားစေနိုင်သည်။ အဂတိလိုက်စားမှုသည်   ဆင်းရဲမွဲတေမှုများ ကြီးထွားလာခြင်းနှင့် ပတ်သက်၍ ပါဝင်ပတ်သက်နေကြောင်း သုတေသနများက ထောက်ပြခဲ့ပြီး အဂတိလိုက်စားမှုသည် ဆင်းရဲမွဲတေမှုနှင့် စီးပွားရေးမတိုးတက်ရခြင်းတို့၏ အဓိက အကြောင်းတရားဖြစ်သည်ဟု အခိုင်အမာ ပြောကြားခဲ့ကြသောကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟူသည် မဲဆန္ဒရှင်ပြည်သူများအတွက် အဆွဲဆောင်နိုင်ဆုံး  မဲဆွယ်ရေး ကတိတစ်ရပ် ဖြစ်လာသည်။

အဂတိလိုက်စားမှုကြောင့် လူအချို့ရုတ်တရက် ကြီးပွား ချမ်းသာသွားနိုင်သော်လည်း  အဂတိလိုက်စားမှုသည် ဆင်းရဲမွဲတေမှုနှင့် လူအရေအတွက်အရများစွာပို၍ ဆက်နွှယ်မှုကြီးမားသည်။ အဂတိလိုက်စားမှုသည် စီးပွားရေးကြီးထွားမှုကို ကြန့်ကြာစေခြင်း၊ ပုံပျက်စေခြင်းနှင့် လမ်းလွဲသွားစေခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ အဂတိလိုက်စားမှုနှင့် ဆင်းရဲမွဲတေမှုတို့အကြား ဆက်နွှယ်မှုများသည် လူတစ်ဦးချင်းကိုသာမက လုပ်ငန်း များအပေါ်သို့ပါ သက်ရောက်မှုရှိသည့်အပြင် လားရာတို့မှာလည်း အပြန်အလှန်သဘော ရှိသည်။ ဆင်းရဲမွဲတေမှုသည် အဂတိလိုက်စားမှုကို ဖိတ်ခေါ်ပြီး အဂတိလိုက်စားမှုသည် ဆင်းရဲမွဲတေမှုကို ပို၍နက်ရှိုင်းစေသည်။ အဂတိလိုက်စားမှုသည် စီးပွားရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အင်စတီကျူးရှင်းများကို ချည့်နဲ့သွားစေသည့် အဓိက အကြောင်းတရားလည်းဖြစ်သည်။ ဘဏ္ဍာရေးဆိုင်ရာ စျေးကွက်များ၌ ယုံကြည်မှုသည်  မရှိမဖြစ် လိုအပ်သောအရာဖြစ်ပြီး မည်သည့်နေရာ၌မဆို ဆင်းရဲမွဲတေပြီး အဂတိလိုက်စားမှု များပြားသော လူ့အဖွဲ့အစည်းများ၌ ထိရောက်သော အစိုးရအဖွဲ့တည်ဆောက်ရန် လွန်စွာ ခက်ခဲနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ဆင်းရဲမွဲတေမှု လျှော့ချရေး၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် အဓိကဆောင်ရွက်ရမည့် အချက်ဖြစ်ပြီး  “အဂတိလိုက်စားတဲ့ အရာရှိတွေသာ မရှိရင် ဆင်းရဲတဲ့ လူတွေလည်း မရှိဘူး”ဟူသည့် ကြွေးကြော်သံအတိုင်း ပြည်သူူလူထုမှာ  ဆင်းရဲတွင်း နက်သထက် နက်လာပြီး ရုတ်တရက်ချမ်းသာကြွယ်ဝလာသည့် အရာရှိများ သာ တိုး၍တိုး၍ ထွက်ပေါ်လာနေခြင်းအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ဆောင်ချက်များအပေါ် မေးခွန်းထုတ်ရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

ဧပြီ ၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent