နိုင်ငံတစ်နိုင်ငံ၏ တရားဝင်မှု

နိုင်ငံတစ်နိုင်ငံ၏ တရားဝင်မှု
Published 4 April 2019

နိုင်ငံတစ်နိုင်ငံဟုဆိုလျှင် ယင်း၌ အစိုးရအဖွဲ့၊ သစ္စာခံသည့်လူများ၊ သတ်မှတ်ထားသည့် ပိုင်နက်နှင့် အခြားနိုင်ငံများ၏ အသိအမှတ်ပြုမှုတို့ မဖြစ်မနေ ရှိရမည်ဖြစ်သည်။ အစိုးရအဖွဲ့သည် ထိရောက်သည့် အစိုးရအဖွဲ့ ဖြစ်ရမည်ဖြစ်ပြီး တရားဝင်မှု မဖြစ်မနေ လိုအပ်သည်။ ယင်းနေရာ၌ တရားဝင်မှုဟူသည် နိုင်ငံပိုင်နက်အတွင်းရှိ လူများနှင့်ပတ်သက်၍ စီရင်ဆုံးဖြတ်ပိုင်ခွင့် ဖြစ်သည်။ နိုင်ငံရေးသိပ္ပံ၌ တရားဝင်မှုဟူသည် လုပ်ပိုင်ခွင့် အာဏာတစ်ရပ်ကို ရပိုင်ခွင့်နှင့် လက်ခံပိုင်ခွင့်ဖြစ်ပြီး အုပ်ချုပ်သည့်ဥပဒေ သို့မဟုတ် အစိုးရအဖွဲ့တစ်ရပ်ကို ဆိုလိုခြင်းဖြစ်သည်။ နိုင်ငံရေးဆိုင်ရာတရားဝင်မှုကို အုပ်ချုပ်ရန် အတွက် အခြေခံအခြေအနေတစ်ရပ်ဟု ယူဆထားပြီး အဆိုပါတရားဝင်မှုသာ မရှိပါက အစိုးရတစ်ရပ်အနေဖြင့် ဥပဒေကျင့်သုံးပိုင်ခွင့် မရှိဘဲ ပြိုလဲသွားမည်ဖြစ်သည်။ ယင်း၌ Mandate ဟူသည့် စကားရပ်က အရေးပါသည်။ တရားမျှတမှုမရှိသည့် အုပ်စိုးသူများ အနေဖြင့် အဆိုပါ Mandate ဆုံးရှုံးသွားသောကြောင့် ပြည်သူများအပေါ် အုပ်ချုပ်ပိုင်ခွင့် ဆုံးရှုံးရမည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ တရားဝင်မှုဟူသည် နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်း ဆက်ဆံရေး မျက်နှာစာ၌ အဓိကကျသော အချက်ဖြစ်သည်။ ပဋိပက္ခဖြစ်ပွားနေသည့် အဝန်းအဝိုင်းများစွာတို့၌ ဖြစ်ပေါ်လေ့ရှိသည့် နိုင်ငံတော်ဖိနှိပ်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် နိုင်ငံသားများအနေဖြင့် မကောင်းသော သက်ရောက်မှုများကို ကြုံတွေ့ရခြင်း၊ မယုံကြည်မှု အစဉ်အလာတစ်ရပ်ကို ရရှိခြင်းနှင့် နိုင်ငံတော်အင်စတီကျူးရှင်းများ၏ တရားဝင်မှုကို ငြင်းပယ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ ထိခိုက်ပျက်စီးလွယ်သော အနေအထားများ၌ နိုင်ငံတော်အနေဖြင့် နိုင်ငံသားတို့၏ လူမှုဖူလုံရေးအတွက် ဆောင်ရွက်ပေးရန်နှင့် လူနေမှု အဆင့်အတန်းများ တိုးတက်အောင် ပြုလုပ်ပေးရန် လုပ်ဆောင်နိုင်စွမ်း မရှိခြင်း သို့မဟုတ် လုပ်ဆောင်ပေးရန် ဆန္ဒမရှိခြင်းတို့ကလည်း နိုင်ငံတော်၊ လူ့အဖွဲ့အစည်းနှင့် တရားဝင်မှုတို့အကြားရှိ ယုံကြည်မှုကို လျော့ကျပျက်စီးစေသည်။ နိုင်ငံတော်အနေဖြင့် အပြိုင်တည်ရှိသော အကျိုးစီးပွားများကို စီမံခန့်ခွဲပေးနိုင်ခြင်းနှင့် နိုင်ငံသားများ၏ လိုအပ်ချက်များအပေါ် တာဝန်ယူခြင်းတို့က နိုင်ငံတော်၏ တရားဝင်မှုကို တိုးတက်စေသည့် အလားအလာကောင်းများ ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ တရားဝင်မှုသည် ဝန်ဆောင်မှုဖြန့်ဝေခြင်း၊ အခွန်ကောက်ခံခြင်းနှင့် လူမှုကာကွယ်စောင့်ရှောက်မှုစနစ်များ ကဲ့သို့သော လုပ်ငန်းဆောင်တာအမျိုးမျိုး ဆောင်ရွက်မှု၌ နိုင်ငံတော်အင်စတီကျူးရှင်းများ၏ ထိရောက်မှုနှင့် ကိုယ်စားပြုမှုနှင့် တာဝန်ခံမှု အဆင့်အတန်းများအပါအဝင် အတိုင်းအတာကျယ်ပြောသော ရင်းမြစ်များမှနေ၍ မြစ် ဖျားခံလာနိုင်သည်။ သို့သော် အဆိုပါတရားဝင်မှုဟူသည် အင်စတီကျူးရှင်းများ၏ ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းသက်သက်အပေါ်မှ မြစ်ဖျားခံလာသည်ဟု မဆိုနိုင်ပေ။ ယင်းကဲ့သို့သော အင်စတီကျူးရှင်းများအနေဖြင့် ၎င်းတို့၏ တရားဝင်မှုကို အသိအမှတ် ပြုပေးရန်အတွက် လူ့အဖွဲ့အစည်းများ၏ အသံကို နားထောင်ကာ အဆင်ပြေညီညွတ်အောင် ပြုလုပ်ပေးနိုင်မှသာ လူ့အဖွဲ့အစည်း၌ ခိုင်မာအခြေကျလာမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ တရားဝင်မှုတွင် နိုင်ငံသားများအနေဖြင့် နိုင်ငံတော်၏ တည်ရှိမှုနှင့် ယင်း၏ အုပ်ချုပ်မှုများကို လက်ခံလာအောင် နိုင်ငံတော်အနေဖြင့် လူ့အဖွဲ့အစည်းထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ရမည်ဖြစ်သည်။ နိုင်ငံသားများအနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်ပိုင်ခွင့်နှင့် နိုင်ငံရေးအရ အမြင့်ဆုံးအာဏာပိုင်အဖြစ် နိုင်ငံတော်၏ အနေအထားတို့အား လက်ခံမှသာလျှင် နိုင်ငံတော်အနေဖြင့် တရားဝင်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံအနေဖြင့် တရားဝင်ရန်မှာ နိုင်ငံတော် အင်စတီကျူးရှင်းများနှင့် ပြည်သူလူထုတို့အကြား ဆက်ဆံရေးများသည် အပြုသဘောဆောင်ရန် မဖြစ်မနေလိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဧပြီ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ  အာဘေ်ာ)

Most Read

Most Recent