သရုပ်ဆောင် အကယ်ဒမီကျော်ကျော်ဗိုလ်၏ ငယ်ဘဝအမှတ်တရဖြတ်သန်းရာ

သရုပ်ဆောင် အကယ်ဒမီကျော်ကျော်ဗိုလ်၏ ငယ်ဘဝအမှတ်တရဖြတ်သန်းရာ
Published 4 April 2019
လင်းလင်းခိုင်

မိဘဘိုးဘွားတို့ရဲ့အနုပညာအမွေကို လက်ဆင့်ကမ်းသယ်ဆောင်လာပြီး အနုပညာလောကထဲမှာ အောင်မြင်စွာ ရပ်တည်သူ အနုပညာရှင်များစွာ ရှိနေပါတယ်။ ဒီလိုအနုပညာရှင်များထဲက တစ်ဦးဖြစ်သလို ကျရာဇာတ်ရုပ်၊ အနုပညာဖန်တီးမှုမှာ ပီပြင်သူတစ်ဦးအနေနဲ့ ပရိသတ်များလက်ခံထားသူကတော့ သရုပ်ဆောင် ကျော်ကျော်ဗိုလ်ပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက်ပေးအပ်တဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲမှာတော့ မုန်းစွဲဇာတ်ကားထဲက ကိုဖိုးအောင်ဇာတ်ရုပ်နဲ့ ပီပြင်စွာ သရုပ်ဆောင်မှုကြောင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ အခုတစ်ပတ်မှာတော့ သရုပ်ဆောင် ကျော်ကျော်ဗိုလ်ရဲ့ ငယ်စဉ်ဘဝဖြတ်သန်းမှုအမှတ်တရပုံရိပ်တွေကို ဖော်ပြပေးချင်ပါတယ်။

ဇာတ်သဘင်မျိုးရိုးကဆင်းသက်လာတဲ့ ငယ်ဘဝ - သရုပ်ဆောင်ကျော်ကျော်ဗိုလ်က ဇာတ်သဘင်သမိုင်းမှာ အထင်ကရရှိလှတဲ့ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်ရဲ့မြေးဖြစ်ပြီး မင်းသားဦးဝင်းဗိုလ်နဲ့ ဒေါ်ခင်သန်းမြင့်ရဲ့ သားပါ။ ဘကြီးဖြစ်သူက သရုပ်ဆောင်အကယ်ဒမီ ဦးညွန့်ဝင်းဖြစ်ပြီး ဦးလေးဖြစ်သူက မင်းသားဦးချမ်းသာဖြစ်တာကြောင့် အနုပညာမျိုးရိုးစစ်စစ်က ဆင်းသက်လာသူလို့ဆိုရမှာပါ။ ငယ်စဉ်ဘဝရဲ့ နေ့ရက်တွေမှာကတည်းက မိဘဘိုးဘွားများရဲ့ ဇာတ်သဘင်အနုပညာအသိုင်းအဝန်းအတွင်းမှာ ကျင်လည်ခဲ့ရသူဖြစ်လို့ အနုပညာနဲ့ ထိတွေ့ဆက်စပ်မှုရှိခဲ့ပါတယ်လို့ ကျော်ကျော်ဗိုလ်က ဆိုပါတယ်။

အနုပညာဖြတ်သန်းမှုများရဲ့အစ - ကျော်ကျော်ဗိုလ်က တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးချိန်မှာတော့ မစ္စတာဂစ်တာကဖေးမှာ သီချင်းဆိုတဲ့ အလုပ်ကို လေးနှစ်ကြာလုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မိဘအမွေကို လက်ဆင့်ကမ်းတဲ့အနေနဲ့ ဇာတ်သဘင်အဖွဲ့မှာပါဝင် ကပြခဲ့ပါတယ်။ ကျော်ကျော်ဗိုလ်ရဲ့ ဇာတ်သဘင်အရည်အသွေးအနေနဲ့ နှစ်ပါးသွားကပြရာမှာ အားနည်းခဲ့ပေမယ့် ပြဇာတ်တွေ တင်ဆက်ကပြရာမှာတော့ ပရိသတ်အားပေးမှုများခဲ့တယ်လို့ ဆိုပါတယ်။ အောင်မြင်တဲ့ပြဇာတ်များစွာ တင်ဆက်ပြီးတဲ့နောက်မှာ မိခင်ဖြစ်သူ အမှတ်တရရိုက်ကူးထားတဲ့ ပြဇာတ်ကပြမှု ပုံရိပ်တွေက ပရိသတ်တွေဆီကို ရောက်ရှိခဲ့ပါတယ်။ ဒီလိုကတစ်ဆင့် မင်းဗီဒီယိုထုတ်လုပ်ရေးရဲ့ ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။

အမူအရာပီပြင်သူအဖြစ် အသိအမှတ်ပြုခံရတဲ့ သရုပ်ဆောင်ကျော်ကျော်ဗိုလ်- သရုပ်ဆောင်ကျော်ကျော်ဗိုလ်က ဇာတ်သဘင်လောကကနေ သရုပ်ဆောင်လောကထဲ ကူးပြောင်းရောက်ရှိလာချိန်မှာတော့ အမူအရာပီပြင်သူ သရုပ်ဆောင်တစ်ဦးအနေနဲ့ ပရိသတ်လက်ခံအားပေးလာခဲ့ကြပါတယ်။ ကျော်ကျော်ဗိုလ်ရဲ့အောင်မြင်တဲ့ ဇာတ်ကားတွေဖြစ်တဲ့ ‘ပင်ပျိုမှတ်စု’၊ ‘ခဏခဏမပြောရဘူး’၊ ‘ရွှေနားတော်သွင်း ချစ်ခြင်းစကား’ စတဲ့ဇာတ်ကားတွေမှာ သရုပ်ဆောင်မှုစွမ်းရည်ကို ပြသနိုင်ခဲ့ ပါတယ်။

နှင်းဆီအငြိမ့်ရဲ့လူရွှင်တော် - သရုပ်ဆောင်တစ်ဦးအနေနဲ့ ပရိသတ်လက်ခံအားပေးမှုခံခဲ့ရတဲ့ သရုပ်ဆောင်ကျော်ကျော်ဗိုလ်က ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)စီစဉ်တင်ဆက်တဲ့ နှင်းဆီအငြိမ့်တွေမှာတော့ လူရွှင်တော်တစ်ဦးအနေနဲ့ ပရိသတ်လက်ခုပ်သံအရယူ နိုင်ခဲ့ပြန်ပါတယ်။

“ဒီအလုပ်က ကျွန်တော်တို့ ပရော်ဖက်ရှင်နယ်မဟုတ်တဲ့အတွက် တော်တော်လေးပင်ပန်းတယ်။ ပြက်လုံးထုတ်ရတာ လွယ်တာမဟုတ်ဘူးလေ။ ပရိသတ်ရယ်ရအောင် လုပ်တယ်ဆိုတဲ့နေရာမှာ ရယ်ရတာနဲ့နောက်ကွယ်မှာ အကျိုးဆက်တွေအများကြီး ရှိနိုင်တယ်။ နှစ်တိုင်းလည်း မကတော့ဘူးလို့ ခဏခဏဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့ အခက်အခဲတစ်ခုခု ပရိသတ်တွေကြုံတဲ့အခါ အဲဒီဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီးတော့ နှင်းဆီအငြိမ့်ပြန်ကပြီး ရန်ပုံငွေရှာခဲ့ကြရတာချည်းပါပဲ”လို့ ကျော်ကျော်ဗိုလ်က ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။

ပျော်ရွှင်အောင်မြင်တဲ့မိသားစုဘဝ - ကျော်ကျော်ဗိုလ်က ဇနီး၊ သမီးငယ်တို့နဲ့အတူ ပျော်ရွှင်အောင်မြင်တဲ့ မိသားစုဘဝလေး တည်ထောင်ထားတာပါ။ ဇနီးဖြစ်သူ ၀ါသနာပါရာ ဖက်ရှင်လုပ်ငန်းကို လုပ်ကိုင်စေသလို သမီးဖြစ်သူအတွက်လည်း ၀ါသနာပါ ရွေးချယ်သွားမယ့် အလုပ်အတွက် ပံ့ပိုးပေးသွားဖို့နဲ့ အခြေအနေအချိန်အခါအလိုက် လိုက်နာသင့်တဲ့လူ့ကျင့်ဝတ်တွေ လေ့ကျင့်သင်ကြားပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ဆိုပါသေးတယ်။

ဇာတ်ကားတွေကိုရွေးချယ်ရိုက်ကူးမှု- ကျော်ကျော်ဗိုလ်က လက်ရှိအချိန်မှာ တော့ဇာတ်ကားတွေ အများကြီးမရိုက်ကူးဖြစ်ဘဲ အရည်အသွေးပြည့်ဝ တဲ့ဇာတ်ကားမျိုး၊ ပရိသတ်အတွက် ရသခံစားမှုအပြည့် ပေးစွမ်းနိုင်မယ့် ဇာတ်ကားမျိုးတွေသာ ရွေးချယ်ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။

“ဇာတ်ကားရိုက်ကျဲတယ်လို့ ပရိသတ်တွေ ပြောကြတာတွေလည်းရှိတယ်။ အဲဒါအတွက်ကတော့ အနုပညာကို တင်းပြည့်ကျပ်ပြည့်ပဲလုပ်ချင်တာကြောင့်သာ နည်းနည်းပဲ လက်ခံဖြစ်တာပါ။ အရေအတွက်တွေ အများကြီး ရိုက်တာမျိုးထက် သေပြီးတဲ့အချိန်အထိ နာမည်ကျန်နေမယ့်အနုပညာမျိုးပဲ ဖန်တီးချင်တယ်။ ဒါကြောင့် တစ်နှစ်လုံးနေမှ တစ်ကားပဲရိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်။ နှစ်ကားပဲရိုက်တာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်” လို့ ကျော်ကျော်ဗိုလ်က ဆိုပါတယ်။

အကယ်ဒမီထူးချွန်ဆုရရှိခဲ့တဲ့ မုန်းစွဲဇာတ်ကားမှာလည်း နာကြည်းမှုစိတ်ဒဏ်ရာတွေကြောင့် အမုန်းတွေနဲ့ အမြဲခက်ထန်နေတတ်တဲ့ ကိုဖိုးအောင်အဖြစ် ထပ်တူကျအောင် ပုံဖော်နိုင်ခဲ့တာပါ။ လက်ရှိမှာတော့ သရုပ်ဆောင်ကျော်ကျော်ဗိုလ်က ပရိသတ်တွေအတွက် အနုပညာအရည်အသွေးအပြည့်အဝပေးနိုင်မယ့် ဇာတ်ကားမျိုးတွေ ရွေးချယ်ရိုက်ကူးပုံဖော်နေတယ်လို့ ဆိုပါတယ်။ အနုပညာကို မြတ်နိုးတန်ဖိုးထားသူတစ်ယောက်ရဲ့ ကြိုးစားမှုအဆင့် ဆင့်ကိုလည်း တွေးမြင်ခံစားမိစေမှာပါ။                                

Most Read

Most Recent