မိမိတို့အတ္တအတွက် ပေးသောကတိများ မဖြစ်ပါစေနှင့်

မိမိတို့အတ္တအတွက် ပေးသောကတိများ မဖြစ်ပါစေနှင့်
Published 3 April 2019

နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲတွင် မိမိတို့ပါတီအနိုင်ရရန် ပြည်သူတို့နှင့် တွေ့ဆုံရာ၌ ၎င်းတို့တိုင်းပြည်အတွက် လုပ်ဆောင်မည့်အရာများ၊ ချမှတ်မည့်မူဝါဒများ၊ ပြည်သူ့ဘဝ တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်မည့် ကိစ္စရပ်များကို ကတိပြု ပြောကြားလေ့ရှိသည်။ ရွေးကောက်ပွဲ အနိုင်ရရေး မဲဆွယ်ရာတွင် ပြည်သူများအနေဖြင့် မိမိတို့ ရွေးချယ်မည့် ပါတီတစ်ရပ်သည် အစိုးရဖြစ်လာမည့်အခါ ၎င်းတို့ပေးသော ကတိများ မည်မျှတည်နိုင်ကြသည်ကို အကဲဖြတ်လေ့ရှိကြသည်။ နိုင်ငံရေးသုတေသီများသာ ဆန်းစစ်အကဲဖြတ်ကြသည်မဟုတ်။ အခြေခံပြည်သူများကလည်း မိမိတို့ပေးလိုက်သော မဲတစ်ပြားဖြင့် တက်လာသောအစိုးရ၏ ကတိကဝတ်များကို စိတ်ဝင်တစားရှိကြသည်။ ကတိပေး၍ မတည်လျှင် ပြစ်တင်ဝေဖန်တတ်ကြသည်။ မင်းမှာကတိ လူမှာသစ္စာဖြစ်သဖြင့် အုပ်ချုပ်ရေးတာဝန်ကို ရယူကြမည့်သူများအနေဖြင့် မိမိတို့၏ ကတိများကို မလွဲမသွေ တည်နိုင်ရန် ကြိုးစားသင့်သည်မှာ အမှန်ပင်ဖြစ်သည်။

လက်ရှိအစိုးရအနေဖြင့်လည်း သက်တမ်းသုံးနှစ် ပြည့်မြောက်ပြီးနောက်တွင် မိမိတို့ အုပ်ချုပ်ရေးအာဏာမရမီက လူထုကို ပေးခဲ့သော ကတိများကို လည်ပြန်၍ သုံးသပ်ကြည့်ရှု ရန်လိုပေသည်။ ကတိပြုခဲ့၍ တည်အောင် ဆောင်ရွက်နိုင်ခဲ့သော အကြောင်းအရာများကို ပြည်သူထံ အသိပေးပြောကြား၍ မတည်သေးသော ကတိများကိုလည်း ရိုးသားစွာ ချပြနိုင်ရန်လိုပေသည်။ NLD အစိုးရ သက်တမ်းသုံးနှစ် ပြည့်ခဲ့ပြီဖြစ်သော်လည်း အုပ်ချုပ်ရေးစနစ်တွင် ပြည်သူများမျှော်မှန်းထားသည့်အဆင့်သို့ မရောက်သေးကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူက ဝန်ခံပြောကြားခဲ့သည်ကို တွေ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ အုပ်ချုပ်မှုစနစ်တွင် ပါဝင်သည့် ဝန်ထမ်းအများစုမှာ စနစ်ဟောင်းနှင့် အသားကျနေခြင်း၊ အချို့သောပုဂ္ဂိုလ်များသည် စနစ်ဟောင်းနှင့်ပတ်သက်၍ အသားကျနေသည့်အတွက် ဒီမိုကရေစီစနစ်သစ်တွင် အသားကျရန် နှောင့်နှေးနေခြင်းတို့ကြောင့် ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုပြန်သည်။ မည်သို့ပင်ဆိုစေ ၂၀၁၅ တွင် အနိုင်ရခဲ့သည့် NLD ပါတီက အစိုးရတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး တိုင်းပြည်ကို အုပ်ချုပ်နေခြင်းဖြစ်သည်။ အုပ်ချုပ်ရေးစနစ်တွင် ကဏ္ဍများကို ခွဲခြမ်းစိတ်ဖြာပါက များစွာရှိပြီး အခြေခံလူထုအကြား အပြောများသော စီးပွားရေးအခြေအနေ၊ တရားဥပဒေစိုးမိုးရေး အခြေအနေ၊ လာဘ်ပေးလာဘ်ယူမှု အခြေအနေတို့အပြင် မြစ်ဆုံကဲ့သို့သော ပြည်သူများ စိတ်ဝင်စားသည့် စီမံကိန်း၊ လူအများကြား ဝေဖန်မှုမြင့်သည့် ရန်ကုန်မြို့သစ် စီမံကိန်းတို့နှင့်ပတ်သက်၍ ယခင်က ပြောကြားခဲ့ဖူးသော စကားများ၊ ကတိများအပေါ် မှန်ကန်စွာ ဆန်းစစ်သင့်ပေသည်။ ထို့နောက် ပြည်သူထံသို့ ရဲရဲဝ့ံဝံ့ ပြန်လည်ချပြ၍ မည်သည့်အချက်အပေါ် မိမိတို့အစိုးရသည် ကတိအတိုင်း လုပ်ဆောင်မည်။ မည်သည့်အချက်ကို ဆောင်ရွက်ရန် မည်သို့သော အခက်အခဲများ ရှိသည်။ သို့မဟုတ် မည်သည့် အခြေအနေတွင်မဆို မိမိတို့ကတိကို အကောင်းဆုံး တည်နိုင်အောင် လုပ်ဆောင်ပြမည်ဆိုသည်တို့ကို တာဝန်ရှိသူများက ပွင့်လင်းစွာ ချပြသင့်သည်။ ထိုသို့ချပြနိုင်သော ရဲရင့်မှုသည်လည်း နိုင်ငံရေးသမားကောင်း၊ အစိုးရကောင်းတို့အတွက် မှတ်ကျောက်ပင်ဖြစ်သည်။

နိုင်ငံရေးသမားဟူသည် အာဏာရသောအခါ ၎င်းတို့၏ မဲဆွယ်ကတိများကို ထိန်းသိမ်းဆောက်တည်ရန် အခက်အခဲတွေ့သည်အခါများလည်း ရှိတတ်သည်။ သို့သော်လည်း မိမိတို့သည် အာဏာမရမီ ကိုယ်စားလှယ်လောင်းများ ဖြစ်နေချိန်မှာပင် ပြည်သူတို့နှင့် တွေ့ဆုံချိန်၌ နှုတ်ထွက်ကတိများကို အလေးထား ထိန်းသိမ်းသင့်ပေသည်။ ကတိများ ဖောင်းပွခြင်း မိမိတို့ အနိုင်ရရေးအတွက်သာ မစားရဝခမန်း ကတိစကားများ ပြောကြားခဲ့လျှင် တစ်ချိန်တွင် ထိုအရာများသည် မိမိတို့၏ နိုင်ငံရေးသမိုင်းတွင် အစွန်းအထင်း ဖြစ်စေနိုင်သည်။ အထူးသဖြင့် လုပ်ပိုင်ခွင့်အာဏာရသည့်အခါ ပြည်သူသည် ပို၍မျက်စိဒေါက်ထောက်ကြည့်ကာ ဝေဖန်ခြင်းကို ပြုလုပ်တတ်ကြသည်။ ထို့ကြောင့် နိုင်ငံရေးသမားများကို ဒုက္ခပေးစေနိုင်သော အကြောင်းအရာများတွင် ၎င်းတို့၏ အတ္တကြီးသော ကတိများသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အစိုးရတစ်ရပ်နှင့် နိုင်ငံရေးသမားတစ်ဦး၏ ပြည်သူထံသို့ ပြောကြားသော ကတိစကားများသည် များစွာအရေးကြီးပြီး ယင်းကတိများအား အများပြည်သူအကျိုးစီးပွားအတွက် တည်နိုင်ရန်အမှန်ပင် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဧပြီ ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent