ယခုနှစ် ခြောက်လနီးပါးအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၈၆ သန်းနီးပါး ပိုမိုရရှိ

ယခုနှစ် ခြောက်လနီးပါးအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၈၆ သန်းနီးပါး ပိုမိုရရှိ
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 28 March 2019

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခြောက်လနီးပါးအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများမှ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၈၆ သန်းနီးပါး ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ခြောက်လနီးပါးအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်တင်ပိုမှုတန်ဖိုး ဒေါ်လာ ၇၃၇၂ ဒသမ ၂၇၇ သန်းရရှိထားပြီး သွင်းကုန်တင်သွင်းမှုတန်ဖိုးမှာ ဒေါ်လာ ၈၁၄၃ ဒသမ ၂၈၀ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅၅၁၅ ဒသမ ၅၅၇ သန်း ရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခြောက်လနီးပါးကာလအတွင်း ပို့ကုန်တန်ဖိုး ဒေါ်လာ ၆၆၇၅ ဒသမ ၀၈၄ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၈၆၅၄ ဒသမ ၅၆၇ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅၃၂၉ ဒသမ ၆၅၁ သန်း ရရှိခဲ့သည်။

အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက လက်ရှိဘဏ္ဍာနှစ် ခြောက်လနီးပါးအတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၈၆ သန်းနီးပါး ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ သိရသည်။

လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှု စုစုပေါင်းပမာဏ ဒေါ်လာ ၃၁ ဘီလျံကျော် ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ ဝန်းကျင်အထိ လျော့ကျအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေး ပထမနေ့တွင်  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံရရှိရန်နှင့် သွင်းကုန်တန်ဖိုး အမေရိ ကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၁ ရက်အထိ ငါးလကျော်အတွင်း စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံနီးပါးအထိ ကုန်သွယ်မှုပြုလုပ်ထားပြီး ကျန်ရှိနေသည့် ဘဏ္ဍာနှစ်ကာလခုနစ်လတွင် ကုန်သွယ်မှုလျာထားချက် အမေရိကန်ဒေါ်လာ ၃၁ ဘီလျံပြည့်မီရန် အမေရိကန်ဒေါ်လာ ၁၆ သန်းကျော် လိုအပ်နေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉ ဘီလျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၁၂ ဘီလျံကျော်အထိရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃ ဘီလျံကျော် ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၃ ဒသမ ၈၃၆ ဘီလျံကျော်အထိ ရှိခဲ့သည်။

၂၀၁၈ ခုနှစ် ကြားကာလခြောက်လတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဘီလျံကျော် အထိရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent