တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၂ ပါတီတွေ့ဆုံမှုတွင် တပ်မတော်၏ ရပ်တည်ချက်၊ ဆောင်ရွက်ချက်များကို ထောက်ခံကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း သတင်းထုတ်ပြန်မှုအပေါ် ၎င်းတို့သဘောထား မပါဝင်ဟု ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ကြေညာချက် ထုတ်ပြန်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၂ ပါတီတွေ့ဆုံမှုတွင် တပ်မတော်၏ ရပ်တည်ချက်၊ ဆောင်ရွက်ချက်များကို ထောက်ခံကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း သတင်းထုတ်ပြန်မှုအပေါ် ၎င်းတို့သဘောထား မပါဝင်ဟု ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ကြေညာချက် ထုတ်ပြန်
Published 23 March 2019
ဉာဏ်လင်းထွန်း

တပ်မတော်၏ သဘောထား ရပ်တည်ချက်၊ ဆောင်ရွက်ချက်များကို ထောက်ခံပါကြောင်းနှင့် နိုင်ငံတော်နှင့် အမျိုးသားရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း မတ် ၂၂ ရက်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီ ၃၂ ပါတီမှ ကိုယ်စားလှယ်များက ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မတ် ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ယင်းသို့ ထုတ်ပြန်ချက်အပေါ် ၎င်းတို့သဘောထား မပါဝင်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် ပါဝင်သည့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (CNDP) က မတ် ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ရှင်းလင်းသည်။

CNDP ၏ ထုတ်ပြန်ချက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကို တိုက်ရိုက်မရည်ညွန်းဘဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်ကို ကိုးကား သတင်းရေးသားသည့် Popular News Journal ၏ ဖော်ပြချက်ကို ရှင်းလင်းထုတ်ပြန် ထားခြင်းဖြစ်သည်။

၎င်းတို့ပါတီသည် သက်ဆိုင်ရာမှ ဖိတ်ကြားချက်အရ တစ်ပါတီတည်း၏ သဘောထားဖြင့် လွတ်လပ်စွာ တက်ရောက်ခြင်း ဖြစ်ကြောင်း၊ အခြားမည်သည့်ပါတီများ ဖိတ်ကြားပြီး တက်ရောက်မည်ကိုပင် ကြိုတင်သိရှိခြင်းနှင့် တိုင်ပင်ခြင်း မရှိကြောင်း၊ ထို့ကြောင့် အခြားပါတီများ၏ တင်ပြဆွေးနွေးချက်များနှင့် မိမိတို့ပါတီ၏ သဘောထား သက်ဆိုင်ခြင်း မရှိကြောင်း ရှင်းလင်းအပ်ပါသည်ဟု CNDP က ထုတ်ပြန်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် ၃၂ ပါတီတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့ပါဝင်ပြီး တိုင်းရင်းသားပါတီအချို့ ပါဝင်သည်။

၃၂ ပါတီထဲမှ ပါတီအချို့မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီနှင့် နိုင်ငံရေး၊ စီးပွားရေး ကိစ္စရပ်များနှင့် ပတ်သက်သည့် သဘောထား ရပ်တည်ချက်များကို ပူးတွဲထုတ်ပြန်လေ့ရှိသည့် ပါတီများဖြစ်သည်။

ငြိမ်းချမ်းရေးကိစ္စ၊ ဖက်ဒရယ်ကိစ္စ၊ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်များကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သီးသန့်တွေ့ဆုံ ဆွေးနွေးရလိမ့်မည်ဟုသာ ထင်မှတ်ခဲ့ပြီး အခြားသော နိုင်ငံရေးပါတီများနှင့် ပူးတွဲတွေ့ဆုံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ဟု ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ပူဇိုဇမ်က ပြောကြားသည်။

“ဘယ်သူဘယ်ဝါတွေ ပါမယ်ဆိုရင် သွားစရာတောင် မလိုပါဘူး။ ရှင်းရှင်းလေးပါ” ဟု ပူဇိုဇမ်က ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် ပါဝင်သည့် အခြားသော ပါတီများနှင့်လည်း မဟာမိတ် မဟုတ်ကြောင်း ၎င်းကရှင်းလင်းသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံစဉ် အခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို တပ်မတော် အနေဖြင့် ကူညီဆောင်ရွက်ပေးရန် တင်ပြခဲ့သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

သို့သော်လည်း အခြားသော ပါတီများနှင့် ပူးတွဲတွေ့ဆုံရမည်ဟု ကြိုတင်မသိရှိခဲ့ဟု ၎င်းကဆိုသည်။

“တွေ့ဆုံမှုက အန်ကယ်တို့ ထင်မှတ်မထားတဲ့ပုံစံလို့ ပြောလို့ရတာပေါ့။ အန်ကယ်တို့က ဖက်ဒရယ်ပဲ လိုချင်တယ်။ တခြားဘာမှ သိပ်မပြောချင်ဘူး” ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

တပ်မတော်အနေဖြင့် နိုင်ငံရေးပါတီများကို နိုင်ငံရေးအရ တွေ့ဆုံခြင်း မဟုတ်ကြောင်း၊ နိုင်င့ံအရေး၊ အမျိုးသားရေးအရ တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ တပ်မတော်သည် တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေချိန်တွင် ပါတီများကလည်း ကူညီဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်သည် အခြေခံဥပဒေ ပြင်ဆင်ခြင်းကို သဘောတူကြောင်း၊ သို့သော် သတ်မှတ်ပြဋ္ဌာန်းထားသည့် အတိုင်းသာ ပြင်ဆင်လိုကြောင်း ၎င်းက ပြောကြားသည်။

 

Most Read

Most Recent