ဗီယက်နမ်နှင့် ဒုတိယခြေစမ်းပွဲတွင် ပွဲထွက်လူစာရင်းအပြောင်းအလဲပြုလုပ်ဖွယ်ရှိဟု မြန်မာအမျိုးသမီးအသင်းနည်းပြ ဆို

ဗီယက်နမ်နှင့် ဒုတိယခြေစမ်းပွဲတွင် ပွဲထွက်လူစာရင်းအပြောင်းအလဲပြုလုပ်ဖွယ်ရှိဟု မြန်မာအမျိုးသမီးအသင်းနည်းပြ ဆို
Published 23 March 2019

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးက ဗီယက်နမ်လက်ရွေးစင်အသင်းနှင့် ဒုတိယခြေစမ်းပွဲတွင် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နှင့် ဗီယက်နမ်လက်ရွေးစင်အမျိုးသမီးအသင်းသည် အိုလံပစ်ဒုတိယအဆင့်  ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မန္တလေးမြို့၌ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိပြီး မတ် ၂၃ ရက် (ယနေ့) ညနေ ၆ နာရီတွင် မန္တလာသီရိကွင်း$ ဒုတိယခြေစမ်းပွဲယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ 

မြန်မာအမျိုးသမီး အသင်းသည် မတ် ၂၁ ရက် က ယှဉ်ပြိုင်ကစားသည့် ပထမခြေစမ်းပွဲတွင် ဗီယက်နမ်လက် ရွေးစင်အသင်းကို (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ 

သို့ဖြစ်ရာ ဦးဝင်းသူမိုးက '' အိုလံပစ် ဒုတိယအဆင့်ခြေစစ်ပွဲမတိုင်ခင် ဗီယက်နမ်လိုအသင်းကောင်းတစ်သင်းနဲ့ ကစားခွင့်ရတာက ကျွန်တော်တို့အတွက် တန်ဖိုးရှိပါတယ်။ သူတို့က အာရှဖလားပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နေတဲ့ အသင်းဖြစ်တာကြောင့် ကျွန်တော်တို့ထက် အတွေ့အကြုံရော ဘောလုံးပညာမှာပါ သာပါတယ်။ ဒီလိုအသင်းမျိုးနဲ့ ကစားခွင့်ရတာကြောင့် ကစားသမားတွေကို ပိုပြီးတိုးတက်မှုရှိစေမှာဖြစ်ပါတယ်။ ပထမပွဲမှာ အသင်းရဲ့ လိုအပ်ချက်တွေကိုတွေ့မြင်ခဲ့ရပြီး မတ် ၂၂ ရက်မှာ ပြင်ဆင်မှုတွေလုပ်မှာပါ။ ပွဲထွက်လူစာရင်းကိုလည်း အပြောင်းအလဲတချို့လုပ်ဖို့ ရှိပြီး ပထမပွဲထက် ပိုကောင်းတဲ့ခြေစွမ်းပြသ နိုင်အောင်ကြိုးစားမှာပါ။ အာဆီယံမှာ ထိပ် တန်းအဆင့်ရောက်ဖို့ဆိုရင် ကစားသမားတွေအနေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေများများ ယှဉ်ပြိုင်ဖို့လိုပါတယ်။ အရှေ့တောင်အာရှ အသင်းတွေတင်မဟုတ်ဘဲ ဥရောပအသင်းတွေနဲ့တောင် ကစားခွင့်ရရင် ကစားချင်ပါတယ်။ ကစားပုံမတူတဲ့အသင်းတွေနဲ့ကစားရင် ကစားသမားတွေလည်း ပိုပြီးတိုးတက်လာနိုင်ပါတယ်။ ကျွန်တော်ပြောချင်တဲ့ ဥရောပ အသင်းတွေက အသင်းကြီးတွေမဟုတ်ဘဲ အလယ်အလတ်အဆင့်ရှိတဲ့အသင်းတွေဖြစ်ပါတယ်''ဟု ပြောကြားသည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း တို့၏ ခြေစမ်းပွဲကို ဝင်ကြေးအခမဲ့သတ်မှတ်ထားသော်လည်း ပထမပွဲတွင် ပရိသတ်အနည်းငယ်သာ လာရောက်အားပေးကြည့်ရှုခဲ့သည်။

မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း သည် ဧပြီလဆန်းတွင်ကျင်းပမည့် အိုလံပစ်ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားခြင်း ဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းသည် ယခု ခြေစမ်းပွဲပြီးပါက မန္တလေးမြို့၌ ဆက်လက် လေ့ကျင့်မည်ဖြစ်သည်။ 

မြန်မာအမျိုးသမီးအသင်းသည် အိုလံပစ်ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ကစားသမား ၂၃ ဦးဖြင့် ဆက်လက် လေ့ကျင့်မည်ဖြစ်ပြီး ယခုလကုန်တွင် အပြီးသတ်ကစားသမား ၂၀ ရွေးချယ်မည်ဖြစ်သည်။ 

အိုလံပစ်ဒုတိယအဆင့် ခြေစစ်ပွဲကို ဧပြီ ၃၊ ၆၊ ၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ အသင်းသည် အုပ်စု (က) တွင် အိန္ဒိယ၊ နီပေါ၊ အင်ဒိုနီးရှားတို့နှင့် ကျရောက်နေကာ ပထမအဆင့်တွင် တွေ့ဆုံခဲ့သည့် နီပေါ၊ အိန္ဒိယအသင်းတို့နှင့် ထပ်မံတွေ့ဆုံခြင်းဖြစ်သည်။

Most Read

Most Recent