မန်စီးတီးအသင်းသည် ယခုရာသီတွင် လိဂ်ဖလားချန်ပီယံဆုကိုရရှိထားပြီး ပရီးမီးယားလိဂ်၊ FA ဖလားနှင့် ချန်ပီယံလိဂ်တို့တွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသည်။
မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ရာသီကုန်တွင် ဆုဖလား (၄)လုံးစလုံးကိုင်မြှောက်ခွင့်ရရှိရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ယခုရာသီတွင် လိဂ်ဖလားချန်ပီယံဆုကိုရရှိထားပြီး ပရီးမီးယားလိဂ်၊ FA ဖလားနှင့် ချန်ပီယံလိဂ်တို့တွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသည်။
ဘာနာဒိုဆေးလ်ဗားက '' မန်စီးတီးကစားသမားတွေအကုန်လုံး ဒီရာသီဟာ ကျွန်တော်တို့အတွက် ထူးခြားတဲ့ ရာသီတစ်ခုဖြစ်လာမယ်လို့ ထင်နေကြပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့လို့ ထူးခြားခဲ့ပါတယ်။ ဒီရာသီမှာတော့ ပိုပြီးထူးခြားနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ဒီရာသီမှာ ချန်ပီယံဖလားတစ်လုံးရရှိထားပြီး ပြိုင်ပွဲ (၃)ခု ဆက်လက်ကစားနေပါတယ်။ အဲဒီပြိုင်ပွဲ (၃)ခုစလုံးမှာ ကျွန်တော်တို့အနေနဲ့ ဗိုလ်စွဲနိုင်သလို၊ ချန်ပီယံဆုနဲ့ လွဲချော်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီတော့ အရမ်းကိုပြောရခက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆုဖလားတွေအတွက် လျှောက်ရမယ့်လမ်းတွေကကျန်ပါသေးတယ်။ ရာသီကုန်ဆုံးခါနီးလေ ပြိုင်ပွဲတွေက ခက်ခဲလေဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ မန်စီးတီးအသင်းရဲ့သမိုင်းမှာ မှတ်တမ်းသစ်တစ်ခုရေးထိုးချင်ပါတယ်။ အဲဒီအတွက်ကျွန်တော်တို့ ကြိုးစားသွားမှာပါ" ဟုပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၃၁)အပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းထက် (၁)ပွဲလျော့ကစားထားကာ (၂)မှတ်အကွာဖြင့် ဒုတိယနေရာတွင်ရပ်တည်နေပြီး၊ FA ဖလားတွင်ဆီမီးဖိုင်နယ်နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်များသို့ရောက်ရှိနေသည်။
ဘာနာဒိုဆေးလ်ဗားသည် ယခုရာသီတွင် မန်စီးတီးအသင်းအတွက် ခြေစွမ်းပြကစားလျက်ရှိပြီး ပြိုင်ပွဲစုံတွင် (၁၀)ဂိုးသွင်းယူထားကာ၊ ဂိုးဖန်တီးမှု (၁၁)ကြိမ်အထိပြုလုပ်ထားသည်။
ထို့ပြင် ဘာနာဒိုဆေးလ်ဗားသည် ပြီးခဲ့သည့်တစ်ပတ်က မန်စီးတီးအသင်းနှင့် နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး အသင်းတွင် ကစားခွင့်ရသည့်အတွက် အလွန်ပျော်ရွှင်ကြောင်းပြောကြားခဲ့သည်။