ချယ်လ်ဆီးအသင်းမှ အသက်(၁၈)နှစ်အရွယ် လူငယ်တိုက်စစ်မှူး အိုဒွိုင်းသည် အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။
အိုဒွိုင်းသည် အင်္ဂလန်နှင့် ဂါနာနိုင်ငံများအတွက် ကိုယ်စားပြုခွင့်ရှိနေသူဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြ ဆောက်ဂိတ်က လာမည့်ယူရို-၂၀၂၀ ခြေစစ်ပွဲများအတွက် ရွေးချယ်လိုက်ခြင်းဖြစ်သည်။
အိုဒွိုင်းက ''လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရတယ်ဆိုတာ မယုံနိုင်စရာပါပဲ။ ဒါပေမဲ့ ဒီ နေ့ကို ကျွန်တော် စောင့်မျှော်နေခဲ့တာပါ''ဟု ပြောကြားခဲ့သည်။
၎င်းအနေဖြင့် ပြီးခဲ့သည့်အပတ်ကမှ အင်္ဂလန်ယူ-၂၁အသင်းတွင် စတင်ရွေးချယ်ခံရပြီး ယခုအခါ ဒဏ်ရာပြဿနာများနေသည့် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ခေါ်ယူခဲ့ခြင်းဖြစ်သည်။
အိုဒွိုင်းသည် ယခုရာသီအတွင်း ချယ်လ်ဆီးအတွက် (၁၈)ပွဲကစားကာ (၅)ဂိုးသွင်းယူထားသော်လည်း ပရီးမီးယားလိဂ်တွင် First Line-up ပါဝင်ခွင့် မရရှိသေးကြောင်း သိရသည်။
အင်္ဂလန်အသင်းလူစာရင်းမှ လုခ်ရှော၊ စတုန်းစ်၊ လော့ဖ်တပ်ချိခ်၊ ဒဲ့လ်ဖ်တို့မှာ ဒဏ်ရာများကြောင့် အသီးသီး နုတ်ထွက်ထားခဲ့သည်။
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်သည် မတ် ၁၈ ရက်အစောပိုင်းက ဆောက်သမ်တန်ကွင်းလယ်လူ ဝက်ဒ်ပရောက်ကိုလည်း အားဖြည့်ရွေးချယ်ခဲ့သည်။