ချန်ပီယံလိဂ်လိဂ်ရှုံးထွက်(၁၆)သင်းအဆင့်(ဒုတိယအကျော့)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

 ချန်ပီယံလိဂ်လိဂ်ရှုံးထွက်(၁၆)သင်းအဆင့်(ဒုတိယအကျော့)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 12 March 2019

မန်စီးတီး နှင့် ရှော်လ်ကေး (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

ပထမအကျော့ - ရှော်လ်ကေး ၂-၃ မန်စီးတီး

မန်စီးတီးအသင်းက ပထမအကျော့ ရှော်လ်ကေးအသင်းရဲ့ကွင်းမှာ အရှုံးကနေ အနိုင်ရလဒ်ကို ပြောင်းလဲနိုင်ခဲ့ပြီး ဒီပွဲအတွက်လည်း ဖိအားမရှိသလောက်ပါပဲ။ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ မထင်မှတ်ထားတာတွေ ဆက်တိုက်ဖြစ်နေပေမယ့် မန်စီးတီးကတော့ အဝေးကွင်းမှာ နိုင်ပွဲရခဲ့တာ၊ အဝေးဂိုးတွေ အများကြီးရခဲ့တဲ့အခြေအနေမှာ အမှားမကျူးလွန်ဖို့ သေချာပါတယ်။ ရှော်လ်ကေးအတွက် အခက်အခဲက နောက်ပိုင်းပွဲတွေမှာ ဂိုးပြတ်ရှုံးပွဲတွေကြုံတွေ့နေရုံတင်မကဘဲ ဒီပွဲမှာလည်း နောက်တစ်ဆင့်တက်ဖို့အတွက် တိုက်စစ်ဖွင့်ကစားရမယ့် အခြေအနေဖြစ်နေတယ်။ ဒါက မန်စီးတီးကို ဂိုးတွေသွင်းဖို့ ခွင့်ပြုပေးသလိုလည်းဖြစ်သွားပါလိမ့်မယ်။ 

ဂျူဗင်တပ်စ် နှင့် အက်သလက်တီကို (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

ပထမအကျော့ - အက်သလက်တီကို ၂-၀ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်က Two-goal Deficit ကို ကျော်ဖြတ်ဖို့ ကြိုးစားရမှာဖြစ်ပြီး ဒီအခြေအနေမှာ ရင်ဆိုင်ရမှာက အက်သလက်တီကိုရဲ့ခံစစ်ကစားပုံနဲ့ တန်ပြန်တိုက်စစ်တွေဖြစ်လိမ့်မယ်။ ပွဲကို စိုးမိုးနိုင်ဖို့ ရှိပေမယ့် ဂျူဗင်တပ်စ် Final Third Zone မှာ အက်သလက်တီကိုကစားသမားတွေ ကျပ်ညပ်နေမယ့် မြင်ကွင်းမျိုးလည်း တွေ့ရမယ်။ စဉ်းစားစရာရှိတာက ဂျူဗင်တပ်စ်မှာ တစ်ဦးချင်းနည်းစနစ်ပိုင်းကောင်းတဲ့ကစားသမားတွေများတယ်။ ပထမအကျော့တုန်းက အက်သလက်တီကိုက ခပ်ကြမ်းကြမ်း ကစားရင်း ထိန်းချုပ်ခဲ့တာအောင်မြင်ခဲ့ပေမယ့် အဝေးကွင်းမှာတော့ အိမ်ကွင်းမှာတုန်းကလို ကစားလို့မရဘူး။ အနီကတ်သာ ပါလာခဲ့ရင်၊ ဒါမှမဟုတ် အနီကတ်ကြောက်ပြီး ထိန်းကစားရင် ဂိုးရဖို့တင်ကစားမယ့် ဂျူဗင်တပ်စ်ကို ထိန်းရခက်နိုင်တယ်။ ချန်ပီယံလိဂ်မှာ လုံလောက်တဲ့ စွမ်းဆောင်ရည်မပြနိုင်သေးတဲ့ စီရော်နယ်လ်ဒိုအတွက်လည်း ဒီပွဲက စိန်ခေါ်မှုတစ်ခုပါ။ (၃-၀)ဖြစ်ဖို့ဆိုတာ မလွယ်ပေမယ့် မိနစ် (၉၀)မှာ (၂-၀)ကတော့ မျှော်လင့်ချက်ရှိပါတယ်။ 

Most Read

Most Recent