ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားမည်ဟု ကလော့ပ် ဆို

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားမည်ဟု ကလော့ပ် ဆို
Photo: Getty Images
Photo: Getty Images
Published 6 March 2019

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မိမိတို့အနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် အဲဗာတန်နှင့်ပွဲတွင် ဂိုးမရှိသရေကျခဲ့သည့်အတွက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်ခြင်းမရှိဘဲ မန်စီးတီးအသင်းနှင့် (၁)မှတ်အကွာဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

လီဗာပူးလ်အသင်းသည် ပြိုင်ပွဲစုံနောက်ဆုံးကစားခဲ့သည့် (၄) ပွဲတွင် (၃) ပွဲမှ ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပေ။

သို့သော် လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ပရီးမီးယားလိဂ်လက်ကျန် (၉) ပွဲတွင် ချန်ပီယံဆုအတွက် အခွင့်အရေးရဦးမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ကလော့ပ်က "အမှတ်ပေးဇယားမှာ ဒုတိယနေရာကို ရောက်သွားပေမယ့် ကျွန်တော်တို့ အကောင်းမြင်နေဆဲပါပဲ။ ပရီးမီးယားလိဂ်ရာသီကုန်ဆုံးဖို့က လိုပါသေးတယ်။ ကျွန်တော်တို့ ပွဲတွေအများကြီး ကစားရဦးမှာပါ။ လောလောဆယ်မှာတော့ ရပ်တည်မှုက ပြောင်းလဲသွားတယ်။ ကျွန်တော်တို့က ဒုတိယဖြစ်သွားပြီး မန်စီးတီးက ပထမဖြစ်သွားတယ်။ ဒါပေမဲ့ ရာသီက မကုန်ဆုံးသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လက်မလျှော့သေးပါဘူး"ဟု ပြောကြားခဲ့သည်။

ဘောလုံးဝေဖန်သူအဖြစ် လုပ်ကိုင်နေသည့် မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်ကမူ လီဗာပူးလ်အနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို အာရုံစိုက်ရန် ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်လျှော့သင့်သည်ဟု မှတ်ချက်ပြုခဲ့သည်။

Most Read

Most Recent