၈၇ နှစ်အတွင်း ပထမဆုံးအဖြစ် El Clasico နှစ်သင်း တွေ့ဆုံမှုရလဒ်တွင် ဘာစီလိုနာ အသာစီးရရှိ

၈၇ နှစ်အတွင်း ပထမဆုံးအဖြစ် El Clasico နှစ်သင်း တွေ့ဆုံမှုရလဒ်တွင် ဘာစီလိုနာ အသာစီးရရှိ
Published 4 March 2019

စပိန်ဘောလုံးလောက၏ ဂန္ထဝင်ပြိုင်ဘက်အဖြစ် သတ်မှတ်ခံထားရသည့် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့၏ El Clasico နောက်ဆုံးပွဲစဉ်တွင် ဘာစီလိုနာအသင်း အနိုင်ရခဲ့ပြီးနောက် နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုရလဒ်၌ ၈၇ နှစ်အတွင်း ပထမဆုံးအကြိမ် အသာစီး ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

မတ် ၂ ရက်က ဘာနေဗျူးကွင်း၌ ယှဉ်ပြိုင်ကစားသည့် လာလီဂါ ပွဲစဉ်တွင် ဧည့်သည်ဘာစီလိုနာအသင်းက ကွင်းလယ်လူ ရာကီတစ် (၂၆ မိနစ်) ၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရခဲ့သည်။

ယင်းပွဲစဉ် မှာ ၂၄၂ ကြိမ်မြောက် El Clasico ပွဲဖြစ်ပြီး (ခြေစမ်းပွဲများမပါ) ဘာစီ လိုနာအသင်းက ၉၆ ပွဲမြောက် နိုင်ပွဲရရှိခဲ့သည်။

ဘာစီလိုနာအသင်း သည် လာလီဂါပြိုင်ပွဲသီးသန့် တွေ့ဆုံမှုရလဒ်တွင် ၇၃-၇၂ ပွဲဖြင့် အသာ ရရှိခဲ့ပြီဖြစ်သလို ပြိုင်ပွဲစုံတွေ့ဆုံမှုရလဒ်တွင်လည်း ၉၆-၉၅ ပွဲဖြင့် အသာစီးရယူနိုင်ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းအနေဖြင့် နှစ်သင်း တွေ့ဆုံမှုရလဒ်တွင် အစဉ်အလာပြိုင်ဘက် ရီးယဲလ်အသင်းကို အသာ စီးရယူနိုင်ခြင်းမှာ ၁၉၃၂ ခုနှစ်နောက်ပိုင်း ၈၇ နှစ်အတွင်း ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘာစီလိုနာအသင်းသည် ရီးယဲလ်အသင်း၏ ဘာနေဗျူး ကွင်း၌ သုံးပွဲဆက်အနိုင်ရသည့် ပထမဆုံးကလပ်အဖြစ်လည်း မှတ် တမ်းဝင်ခဲ့သည်။

ရီးယဲလ်အသင်းမှာမူ ပြိုင်ပွဲစုံ အိမ်ကွင်းသုံးပွဲဆက် ရှုံးပွဲကြုံတွေ့ခြင်းဖြစ်ပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း အဆိုးရွားမှတ်တမ်း ဖြစ်ကြောင်း သိရသည်။

ယခုပွဲရလဒ်ကြောင့် ပွဲစဉ် (၂၆) အပြီးတွင် ဘာစီလိုနာအသင်းက ရမှတ် ၆၀ ဖြင့် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင် နိုင်ခဲ့ပြီး ရီးယဲလ်အသင်းမှာမူ ၁၂ မှတ်အထိ ကွာဟသွားသဖြင့် ချန်ပီယံ မျှော်လင့်ချက် မှေးမှိန်သွားပြီဖြစ်သည်။

El Clasico နှစ်သင်း၏ ပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှုရလဒ်

ပြိုင်ပွဲအမျိုးအစား    ပွဲစုစုပေါင်း    ရီးယဲလ်နိုင်ပွဲ    သရေ    ဘာစီလိုနာနိုင်ပွဲ

လာလီဂါ        ၁၇၉ ပွဲ    ၇၂ ပွဲ    ၃၄ ပွဲ    ၇၃ ပွဲ

စပိန်ဘုရင့်ဖလား    ၃၅ ပွဲ    ၁၂ ပွဲ    ၈ ပွဲ    ၁၅ ပွဲ

လိဂ်ဖလား        ၆ ပွဲ    -    ၄ ပွဲ    ၂ ပွဲ

စပိန်စူပါဖလား    ၁၄ ပွဲ    ၈ ပွဲ    ၂ ပွဲ    ၄ ပွဲ

ချန်ပီယံလိဂ်    ၈ ပွဲ    ၃ ပွဲ    ၃ ပွဲ    ၂ ပွဲ

စုစုပေါင်း        ၂၄၂ ပွဲ    ၉၅ ပွဲ    ၅၁ ပွဲ    ၉၆ ပွဲ