ချန်ပီယံပြေးလမ်းထက်မှာ ခြေချော်ခဲ့ပြန်တဲ့ စပါး

ချန်ပီယံပြေးလမ်းထက်မှာ ခြေချော်ခဲ့ပြန်တဲ့ စပါး
Photos: Reuters, PA & Getty Images
Photos: Reuters, PA & Getty Images
Published 23 February 2019

■ ဘန်လေ ၂-၁ စပါး

ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) ရဲ့ စနေညအစောဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘန်လေအသင်းနဲ့ စပါးအသင်းတို့ ပွဲစဉ်မှာတော့ အိမ်ရှင်ဘန်လေအသင်းက (၂-၁) ဂိုးနဲ့အနိုင်ရပြီး စပါးအသင်းရဲ့ ချန်ပီယံအိပ်မက်ကို ဝေ၀ါးသွားစေခဲ့ပါတယ်။

ချန်ပီယံဆုအတွက် မန်စီးတီး၊ လီဗာပူးလ်တို့ကို မျက်ခြေမပြတ်လိုက်နေတဲ့ စပါးအသင်းအတွက် ဒီရှုံးပွဲဟာအထိနာခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး လာမယ့်ပွဲစဉ်တွေအတွက်လည်း ဖိအားပိုသွားစေမှာပါ။

ဒဏ်ရာကနေပြန်လည်သက်သာပြီးနောက် ဟာရီကိန်းပထမဆုံးပြန်လည်ပွဲထွက်လာပြီး ဂိုးသွင်းယူခဲ့ပေမယ့် စပါးအသင်းရဲ့နိုင်ပွဲအတွက်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဒီပွဲမှာတော့ ချန်ပီယံပြေးလမ်းထက်က စပါးအသင်းရဲ့ရုန်းအားထက်၊ တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ ဘန်လေရဲ့ရုန်းအားက ပိုပြီးထိရောက်မှုရှိခဲ့သလို၊ ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲကိုလည်း ရယူသွားနိုင်ခဲ့တာပါ။

ပရီးမီးယားလိဂ်နောက်ဆုံး (၇) ပွဲဆက်ရှုံးပွဲမရှိခဲ့ဘဲ (၄) ပွဲနိုင်၊ (၃) ပွဲသရေကစားထားတဲ့ ဘန်လေအသင်းရဲ့ကစားအားကို စပါးအသင်းဖြိုဖျက်ဖို့ခက်ခဲ့ပြီး ဘန်လေနည်းပြ ရှောင်ဒိုက်ကလည်း သူ့ရဲ့တန်ပြန်တိုက်စစ်နည်းဗျူဟာအတိုင်း ဒီပွဲကိုအကောင်းဆုံးချဉ်းကပ်နိုင်ခဲ့တာပါ။

စပါးအသင်းတိုက်စစ်မှာ ဟာရီကိန်း၊ ဆွန်ဟောင်မင်၊ အဲရစ်ဆင်တို့နဲ့ အတောင့်တင်းဆုံးစုဖွဲ့ခဲ့ပေမယ့် ဘင်မီး၊ တာကောစကီး၊ ဘာစလေ၊ တေလာတို့နဲ့ ဘန်လေအသင်းရဲ့နောက်တန်းက ဂိုးသမားဟီလ်တန်နဲ့အတူ အကောင်းဆုံးပုံစံပြနိုင်ခဲ့ပါတယ်။

နှစ်သင်းစလုံးအခွင့်အရေးကိုယ်စီကို အသုံးမချနိုင်ခဲ့လို့ ပထမပိုင်းမှာတော့ ဂိုးမရှိသရေနဲ့ပြီးဆုံးသွားခဲ့ပြီး ပွဲရဲ့အမြင့်ဆုံးအရှိန်က ဒုတိယပိုင်းမှစတယ်လို့ပြောလို့ရပါတယ်။

ဒုတိယပိုင်းပွဲချိန် (၅၇) မိနစ်မှာပဲ ကစားကွက်ငြိမ်နေတဲ့ ဘန်လေတို့အဖွင့်ဂိုးရသွားခဲ့ပြီး မက်နေးလ်ရဲ့ထောင့်ကန်ဘောပေးပို့မှုကို ခရစ္စဝုဒ်က ခေါင်းတိုက်သွင်းယူခဲ့တာပါ။

ဂိုးပေးလိုက်ရလို့ စပါးအသင်းပိုဖိဖိစီးစီးကစားလာခဲ့ပြီး ပွဲချိန် (၆၅) မိနစ်မှာတော့ ဒန်နီရို့စ်က လက်ပစ်ဘောကနေ ဒဏ်ရာသက်သာလာတဲ့ တိုက်စစ်မှူး ဟာရီကိန်းက ဘန်လေခံစစ်ကို တစ်ဦးချင်းအစွမ်းနဲ့ကျော်ဖြတ်တိုးဝင်ကာ ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။

(၁-၁) ဂိုးအနေအထားမှာ နှစ်သင်းစလုံးအခြေအနေကြည့်ကစားခဲ့ကြပြီး ဂိုးရဖို့နီးစပ်တဲ့အခွင့်အရေးတွေကို ဘန်လေအသင်းကတောင် ပိုဖန်တီးနိုင်ခဲ့ပါတယ်။

ဘန်လေအသင်းဖိအားပေးကစားနေရင်း ပွဲချိန် (၈၃) မိနစ်မှာတော့ ဂူမန်ဆန်ရဲ့ပေးပို့မှုကို အက်ရှ်လေဘန်းစ်က အလိုက်သင့်ပြေးပိတ်သွင်းယူပေးခဲ့တာပါ။

လက်ကျန်မိနစ်မှာ စပါးအသင်းချေပဂိုးအတွက်ကြိုးစားခဲ့ပေမယ့် ဘန်လေအသင်းရဲ့ခံစစ်နဲ့ ဂိုးသမားကိုကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိတာကြောင့် ပွဲအပြီးမှာတော့ ဘန်လေအသင်းကပဲ (၂-၁) ဂိုးနဲ့အနိုင်ရသွားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ဘန်လေအသင်းတန်းဆင်းဇုန်နဲ့နီးစပ်နေတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ခဲ့ပြီး စပါးအသင်းအတွက်ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး (၄)ပွဲဆက်နိုင်ပွဲရမှုရပ်တန့်သွားခဲ့သလို ချန်ပီယံပြေးလမ်းမှာလည်း ခြေချော်ခဲ့ပြန်တယ်လို့ ဆိုရပါမယ်။

Most Read

Most Recent