မန်ယူအမြဲတမ်းနည်းပြအဖြစ် ဆိုးလ်ရှား ခန့်အပ်ခံရမည်ဟု ကလော့ပ် ယုံကြည်

မန်ယူအမြဲတမ်းနည်းပြအဖြစ် ဆိုးလ်ရှား ခန့်အပ်ခံရမည်ဟု ကလော့ပ် ယုံကြည်
Photo : Getty Images, AFP
Photo : Getty Images, AFP
Published 23 February 2019

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မန်ယူအသင်း၏အမြဲတမ်းနည်းပြအဖြစ် ဆိုးလ်ရှား ခန့်အပ်ခံရမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)၏ Big Match အဖြစ် ဖေဖော်ဝါရီ(၂၄)ရက်တွင် မန်ယူနှင့် လီဗာပူးလ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေချိန် ကလော့ပ်က ယခုကဲ့သို့ ဖွင့်ဟခဲ့့ခြင်းလည်းဖြစ်သည်။

'' သူဟာ အရည်အသွေးရှိသူဖြစ်ပြီး ကံကြမ္မာကောင်းလည်း ရရှိထားပါတယ်။ အခု သူအသင်းကို တာဝန်ယူနေတယ်။ လာမယ့်ရာသီမှာလည်း သူ အမြဲတမ်းနည်းပြဖြစ်လာဖို့ သံသယမရှိပါဘူး။ ဒါဟာ ရှင်းလင်းတဲ့ကိစ္စပါ။ သူဟာ ဒီရာထူးနဲ့ရာနှုန်းပြည့် ထိုက်တန်ပါတယ်။ အသင်းအောင်မြင်မှုရဖို့ လုပ်ဆောင်ရမယ့်အားလုံးကို သူ လုပ်နေပါတယ်'' ဟု ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။

ကလော့ပ်က နည်းပြအားလုံးသည် ကံကြမ္မာကောင်းရရှိရန်လည်း လိုအပ်သည်ဟု သုံးသပ်ခဲ့သည်။

'' ကျွန်တော် မိန့်ဇ်ကနေ ဒေါ့မွန်ကို ပြောင်းတဲ့အချိန်မှာ လူတွေက ကျွန်တော့်မှာ နိုင်ငံတကာအတွေ့အကြုံမရှိဘူးလို့ ပြောကြတယ်။ ဒါ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါဟာ ဝယ်ယူလို့မရပါဘူး။ ကိုယ်တိုင်လုပ်ယူမှပဲ ရပါလိမ့်မယ်။ အိုလေ(ဆိုးလ်ရှား)သာယူနိုက်တက်ကစားသမားဟောင်းတစ်ယောက် မဟုတ်ဘူးဆိုရင် နော်ဝေကနေ ဒီကိုရောက်လာဖို့ မဖြစ်နိုင်ပါဘူး။ ဒါဟာ သေချာပါတယ်။ ဒါပေမဲ့ အခွင့်အရေးရလာရင်တော့ ဒါကို သေချာပေါက် အသုံးချရလိမ့်မယ်။ တကယ်တော့ သူဟာ အသင်းနည်းပြအဖွဲ့ဝင်တွေနဲ့အတူ လိုအပ်တာတွေကို အတူတကွလုပ်ဆောင်ပြီးပြီဆိုတာ သက်သေပြပြီးသားပါး'' ဟု ကလော့ပ်က မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် မန်ယူအသင်းနှင့်ပတ်သက်ပြီး ကလော့ပ်က '' သူတို့ဟာ ပုံစံကောင်းရနေပါတယ်။ ခံစစ်ကော တိုက်စစ်ပါ ကောင်းပါတယ်။ သူတို့ဟာ ရလဒ်ကောင်းရဖို့ တိုက်ခိုက်နိုင်တဲ့ နည်းလမ်းပေါင်းစုံရှိနေပါတယ်'' ဟုလည်း ပြောကြားခဲ့သည်။