မက်ဆီကို တားဆီးရန် မဖြစ်နိုင်ကြောင်း လိုင်ယွန်အသင်းနည်းပြ ဂျီနီဆီယိုဝန်ခံ

မက်ဆီကို တားဆီးရန် မဖြစ်နိုင်ကြောင်း လိုင်ယွန်အသင်းနည်းပြ ဂျီနီဆီယိုဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 19 February 2019

လိုင်ယွန်အသင်းနည်းပြ ဂျီနီဆီယိုက ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို တားဆီးရန်မဖြစ်နိုင်ကြောင်း ဝန်ခံပြောဆိုသွားခဲ့သည်။

ဂျီနီဆီယိုသည် စပိန်အားကစားသတင်းစာ Marca နှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ယင်းစကားကို ပြောဆိုခဲ့ခြင်းဖြစ်ပြီး မက်ဆီကို လူကပ်ကစားရန်ထက် ၄င်းကိုနေရာလွတ်များ မပေးမိအောင် ကြိုးစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျီနီဆီယိုက ''မက်ဆီနဲ့ ပြိုင်ဘက်အဖြစ်ယှဉ်ပြိုင်ကစားရမှာဖြစ်လို့ ကျွန်တော်တို့ စိတ်လှုပ်ရှားမိပါတယ်။ မက်ဆီကို တားဆီးဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ မက်ဆီဟာ ဘယ်နည်းဗျူဟာနဲ့ပဲလာလာ အကောင်းဆုံးကစားနိုင်သူပါ။ ဘာလို့လဲဆိုတော့ သူကပါရမီရှင်ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ မက်ဆီကို လူကပ်ကစားဖို့ဆိုတာထက် သူ့ဆီကို ဘောလုံးမရောက်အောင်တားဆီးနိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်။ ဒါပေမဲ့ မက်ဆီဟာ ခြေတွေ့ပြီဆိုရင် သူ့ကိုဘယ်လိုမှတားဆီးဖို့မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ မန်စီးတီးကိုရင်ဆိုင်ခဲ့သလိုမျိုး ဘာစီလိုနာအသင်းကို နေရာလွတ်တွေမပေးရအောင် အကောင်းဆုံးကြိုးစားသွားမှာပါ။ မက်ဆီကိုတော့ လူကပ်ကစားဖို့အစီအစဉ်မရှိပါဘူး" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဂျီနီဆီယိုက လိုင်ယွန်နှင့် ဘာစီလိုနာပွဲတွင် ဘာစီလိုနာအသင်းမှာ ရေပန်းအစားဆုံးဖြစ်သော်လည်း ၄င်းတို့အနေဖြင့် အကောင်းဆုံးကြိုးစားသွားမည်ဟုလည်း ဆိုခဲ့သည်။

ဂျီနီဆီယိုက '' ဘာစီလိုနာနဲ့ပွဲမှာ ကျွန်တော်တို့အနေနဲ့ (၁၅၀) ရာခိုင်နှုန်းအထိ အားထုတ်ဖို့လိုပါတယ်။ ပြီးတော့ ဒီလိုရှုံးထွက်ပွဲစဉ်တွေက ကံတရားရဲ့ဖေးမမှုကိုလည်း ရရှိဖို့လိုပါတယ်။ ဘယ်လိုကစားမယ်ဆိုပြီး စကားနဲ့ပြောရတာ လွယ်ပေမယ့် ကွင်းအတွင်းမှာ စွမ်းဆောင်ရတာဟာ တကယ်ကိုခက်ခဲပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘာစီလိုနာအသင်းကို အခက်တွေ့အောင် ပြင်ဆင်ထားပါတယ်" ဟုပြောကြားခဲ့သည်။

Most Read

Most Recent