မာရက်ဇ်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ဂွါဒီယိုလာပြောကြား

မာရက်ဇ်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ဂွါဒီယိုလာပြောကြား
Photos: Getty Images
Photos: Getty Images
Published 17 February 2019

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသည့် အသင်း၏တောင်ပံကစားသမား မာရက်ဇ်အတွက် စိတ်မကောင်းဖြစ်မိကြောင်းနှင့် တောင်းပန်ကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် အယ်လ်ဂျီးရီးယားတောင်ပံကစားသမား မာရက်ဇ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း (၆၀)ဖြင့် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က လက်စတာအသင်းမှခေါ်ယူခဲ့ခြင်းဖြစ်သည်။

သို့သော် အသက် (၂၇)နှစ်အရွယ်ရှိ မာရက်ဇ်သည် ၂၀၁၉ ခုနှစ်အတွင်း မန်စီးတီးအသင်း၏ FA ဖလားနှင့် လိဂ်ဖလားပွဲစဉ်များတွင်သာ ပါဝင်ခွင့်ရခဲ့ပြီး ဟတ်ဒါဖီးလ်၊ လီဗာပူးလ်၊ ဝုလ်ဗ်၊ နယူးကာဆယ်၊ အဲဗာတန်တို့ အာဆင်နယ်၊ ချယ်လ်ဆီးတို့နှင့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ပါဝင်ကစားခွင့်မရခဲ့သည့်အတွက်  မပျော်မရွှင်ဖြစ်နေကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဂွါဒီယိုလာက '' မာရက်ဇ်ကို အသုံးမပြုတာနဲ့ပတ်သက်လို့ ကျွန်တော့်မှာ အကြောင်းပြချက်တွေရှိပါတယ်။ အဲဒီအကြောင်းပြချက်ကတော့ တခြားမဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ပါပဲ။ မာရက်ဇ်က ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်အတွက် စောဒကမတက်သလို ဘာကြောင့် အသင်းလူစာရင်းကနေချန်လှပ်ခဲ့တယ်ဆိုတာကိုလည်း ခံစားနေသူမဟုတ်ပါဘူး။ မာရက်ဇ်ဟာ လေ့ကျင့်ရေးအစီအစဉ်တွေမှာလည်း အကောင်းဆုံးခြေစွမ်းပြနိုင်သူဖြစ်ပါတယ်။ ဒါကြောင့် သူ့အတွက် ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်။ လက်ရှိ ကျွန်တော်တို့အသင်းမှာ တိိုက်စစ်ကစားသမား (၅)ယောက်ရှိပြီး ကစားသမားတိုင်းက ခြေစွမ်းပြနေကြပါတယ်။ ဥပမာပြီးခဲ့တဲ့ပွဲတုန်းကဆိုရင် ဆာနေးမကစားခဲ့ရပါဘူး။ ပြီးတော့ ဘာနာဒိုဆေးလ်ဗားနဲ့ စတာလင်တို့ကလည်း ဒီနှစ်မှာ အကောင်းဆုံးခြေစွမ်းပြနေကြပါတယ်။ ဒါကြောင့် မာရက်ဇ်ပွဲထွက်ခွင့်မရတာပါ။ အဲဒီအတွက် ကျွန်တော်စိတ်မကောင်းပါဘူး။ သူဟာ ပွဲထွက်ကစားဖို့ ထိုက်တန်တဲ့ကစားသမားဖြစ်ပေမယ့် သူ့ကိုပွဲွထွက်ခွင့်မပေးနိုင်တဲ့အပေါ် ကျွန်တော်တောင်းပန်ပါတယ်'' ဟုပြောကြားခဲ့သည်။

မာရက်ဇ်သည် ယခုရာသီတွင် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၃၃) ပွဲတွင် (၉)ဂိုးသွင်းယူထားပြီး ပရီးမီးယားလိဂ်တွင်လည်း ပွဲ(၂၀)ကစားကာ (၅)ဂိုးသွင်းယူထားသည်။

Most Read

Most Recent