အောင်လအန်ဆန် ယခုနှစ်အတွင်း ချန်ပီယံကာကွယ်ပွဲနှစ်ပွဲ ထပ်မံထိုးသတ်မည်

အောင်လအန်ဆန် ယခုနှစ်အတွင်း ချန်ပီယံကာကွယ်ပွဲနှစ်ပွဲ ထပ်မံထိုးသတ်မည်
Photos: EMG
Photos: EMG
Published 16 February 2019

ONE ၀ိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်သည် မတ်လကုန်တွင်ထိုးသတ်မည့်  မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲအပြီးတွင် ယခုနှစ်အတွင်း ချန်ပီယံကာကွယ်ပွဲ နှစ်ပွဲနှင့်အထက် ထပ်မံထိုးသတ်မည်ဖြစ် ကြောင်း သိရသည်။

အောင်လအန်ဆန်သည် One Championship က ကျင်းပလျက်ရှိသည့် MMA ပြိုင်ပွဲတွင် လိုက်ဟဲဗီးဝိတ်တန်းနှင့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်များရရှိထားသော်လည်း လက်ရှိအချိန်အထိ မစ်ဒယ်ဝိတ်တန်း ကာကွယ်ပွဲများသာ ထိုးသတ်နေရသည်။

မူလက မတ် ၃၁ ရက်တွင် ဂျပန်နိုင်ငံ၌ကျင်းပမည့်ပွဲမှာ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲအဖြစ် ဗီရာတန်နှင့် ထိုးသတ်ရမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲသာ ထိုးသတ်ရမည်ဖြစ်သည်။

''ဒီပွဲပြီးရင် အခုနှစ် ထဲမှာ အနည်းဆုံးနှစ်ပွဲ ထိုးသတ်ဖို့ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံမှာကျင်းပမယ့်ပွဲတွေ မှာ ထိုးသတ်ရမယ်လို့ ONE နဲ့ ညှိနှိုင်းထား ပါတယ်။ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ်ပွဲထိုးသတ်ဖို့ စီစဉ်ထားတဲ့ ဗီရာတန်က လောလောဆယ် ရုပ်ရှင်ရိုက်နေတာကြောင့် ပွဲတွေ မထိုးသတ်နိုင်သေးပါဘူး။ နှစ်ကုန်ပိုင်းလောက်မှ ထိုးသတ်နိုင်မှာပါ။ ကျွန်တော့် အနေနဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲတွေ ထပ်ထိုးပြီးမှ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ဖြစ်မှာပါ''ဟု အောင်လအန်ဆန်က မြန်မာမီဒီယာများနှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

အောင်လအန်ဆန် သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် ဘရာဇီးလ်နိုင်ငံသား မာချာ ဒိုကို အနိုင်ယူပြီး လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဖြစ်ခဲ့သော်လည်း တစ်နှစ်ကြာမြင့်ချိန် အထိ ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရခြင်း မရှိသေးဘဲ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲများသာ ထိုးသတ်နေရခြင်းဖြစ် သည်။

Most Read

Most Recent