အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ ပြဋ္ဌာန်းပြီးပါက သတ်မှတ်ကာလအတွင်း ပေးဆောင်ရန် ပျက်ကွက်သူများကို ၁၀ ရာခိုင်နှုန်း ဒဏ်ရိုက်မည့်အပြင် အခွန်ကြွေးအပေါ် အတိုးပါ ပေးသွင်းရမည် ဖြစ်သည့်အတွက် အခွန်ထမ်းများ အနေဖြင့် အခွန်ကြွေးကို ယခုထက်ပိုမို ပေးဆောင်ခြင်း ရှိလာမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
ဖေဖော်ဝါရီ ၁၁ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့် စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်းစဉ် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးက “အခွန်ဆိုင်ရာ စီမံအုပ်ချုပ်ဥပဒေကို လွှတ်တော်မှာ ဆွေးနွေးနေပြီဖြစ်လို့ ဥပဒေသာပြဋ္ဌာန်းပြီးပါက အခွန်ထမ်းဟာ အခွန်ကို သတ်မှတ်ရက်အတွင်း ပေးဆောင်ဖို့ ပျက်ကွက်ရင် ၁၀ ရာခိုင်နှုန်း ဒဏ်တပ်ရိုက်တဲ့အပြင် အဲဒီအခွန်ကြွေးအပေါ် အတိုးပါပေးသွင်းရမှာဖြစ်လို့ အခွန်ထမ်းတွေအနေနဲ့ အခွန်ကြွေးတွေကို ယခုထက်ပိုမို၍ ပေးဆောင်ခြင်းရှိလာမှာ ဖြစ်ပါတယ်” ဟု လွှတ်တော်၌ ပြောကြားခဲ့သည်။
အခွန်ကြွေးကျန်များ ကောက်ခံရရှိရေးအတွက် လက်တွေ့ဆောင်ရွက်ရာတွင် အခွန်ထမ်းပြည်သူအနေဖြင့် ပေးဆောင်နိုင်စွမ်းရှိပါလျက် ပေးသွင်းမှုမရှိသည့် အခွန်ကြွေးကျန်၊ အခြေအနေအရ ပေးဆောင်နိုင်စွမ်းရှိ သလောက်ကို အရစ်ကျ ပေးဆောင်နေဆဲဖြစ်သည့် အခွန်ကြွေးကျန်နှင့် အကြောင်းအမျိုးမျိုးကြောင့် လုံးဝကောက်ခံ၍ မရတော့သည့် အခွန်ကြွေးကျန်ဟူ၍ အပိုင်းသုံးပိုင်းခွဲခြား တွေ့ရှိရကြောင်း၊ လုံးဝကောက်ခံ မရရှိနိုင်တော့သည့် အခွန်ကြွေးကျန်များကို အကျိုးအကြောင်း ဖော်ပြ၍ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြပြီး စာရင်းမှ ပယ်ဖျက်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်နေ့ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ကောက်ခံရန် စုစုပေါင်းအခွန်ကြွေးကျန်မှာ ကျပ် ၁၁၄ ဒသမ ၁၅၆ ဘီလျံဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ပြောကြားသည်။
အခွန်ကြွေးကျန်များ ပေါ်ပေါက်ခြင်းမှာ အခွန်ကောက်ခံခြင်း၏ သဘောသဘာဝအရ စည်းကြပ်နှစ် ကုန်ဆုံးချိန်အထိ ပေးသွင်းခြင်း မပြုသေးသည့် အခွန်ငွေများကို နောက်ဘဏ္ဍာနှစ်တွင် အခွန်ကြွေးကျန်စာရင်း သွင်းရသည့်အတွက် အခွန်ကြွေးကျန် ပေါ်ပေါက်ရခြင်း ဖြစ်ကြောင်း၊ ထို့အတွက် နှစ်စဉ်နှစ်တိုင်း အခွန်ကြွေးကျန်များ ပေါ်ပေါက်လေ့ရှိကြောင်း၊ ဝင်ငွေနှစ်အတွင်း လုပ်ငန်းမှ မြတ်စွန်းငွေ ရရှိခဲ့သော်လည်း စည်းကြပ်မှု ဆောင်ရွက်ချိန်တွင် လုပ်ငန်းအရှုံး ပေါ်ပေါက်နေခြင်းကြောင့် ပေးဆောင်နိုင်စွမ်း မရှိတော့ခြင်း၊ (ဥပမာအားဖြင့် ပဲလုပ်ငန်းရှင်များ)၊ သဘာဝဘေး အန္တရာယ်ကြောင့် လုပ်ငန်းများ ပျက်စီးသွားသည့် လုပ်ငန်းရှင်အချို့၏ အခွန်ကြွေးကျန်များ နှစ်စဉ် နှစ်တိုင်း ကျန်ရှိနေကြောင်း၊ နိုင်ငံတော်အစိုးရကလည်း အခွန်ကြွေးကျန်များ အပါအဝင် ဌာနဆိုင်ရာ အသီးသီး၏ ကြွေးကျန်များ ကောက်ခံရေးကို နည်းလမ်းငါးသွယ် ချမှတ်ပြီး ဆောင်ရွက်စေလျက်ရှိကြောင်း ဦးမောင်မောင်ဝင်းက ပြောကြားသည်။
ထို့ပြင် အခွန်ဆိုင်ရာ နည်းဥပဒေ ပြင်ဆင်မှုများ၊ ဥပဒေထုတ်ပြန်မှုများ၊ အခွန်အများဆုံး ထမ်းဆောင်သူများ စာရင်းအား ထုတ်ပြန်ကြေညာခြင်းကို ပြည်တွင်းအခွန်များ Website တွင် လွှင့်တင်ခြင်း၊ မြို့နယ်အလိုက် အခွန်အများဆုံး ထမ်းဆောင်သူ ၅၀ အား သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် ကြေညာခြင်း များကိုလည်း စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။