လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ရွေးကောက်ပွဲ ကော်မရှင်က ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ရွေးကောက်ပွဲ ကော်မရှင်က ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့
Published 13 February 2019
ဉာဏ်လင်းထွန်း

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

“ဥပဒေကြမ်းက ပြည်ထောင်စုလွှတ် တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီဆီတော့ မရောက်သေးပါဘူး။ နာယကကြီးဆီ အရင် ရောက်တာပေါ့နော်။ နာယကကြီးကနေ အမျိုးသားလွှတ်တော်ကို ချပေးမလား။ ပြည်သူ့ လွှတ်တော်ကို ချပေးမလားဆိုတာ နာယကကြီးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ပြည်ကြီးတံခွန် မဲဆန္ဒနယ်မှ ဦးကျော်စိုးလင်းက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို မည်သည့်အချိန်တွင် လွှတ်တော်သို့ တင်သွင်းမည်အား သိလိုကြောင်း မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ပြည်သူ့လွှတ်တော်တွင် ဇန်နဝါရီ ၂၈ ရက်က မေးခွန်းမေးမြန်းမှုအပြီး ရက်ပိုင်းအ တွင်း ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေကြမ်း တင်သွင်းခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၇ အရ ပြဋ္ဌာန်းခြင်းဖြစ်ပြီး ဥပဒေကြမ်းတွင် အခန်း ၅ ခန်း ပါရှိသည်။ အခန်း (၁) တွင် အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်၊ အခန်း (၂) တွင် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း၊ အခန်း (၃) တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အခန်း (၄) တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အခန်း (၅) တွင် အထွေထွေဟူ၍ ပြဋ္ဌာန်းထားသည်။

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် စသည့် လွှတ်တော်သုံးရပ်စလုံး အကျုံးဝင်မည် ဖြစ်သည်။

နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာ ပျက်ပြားခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းစသည့် အချက်ငါးချက်မှ တစ်ချက်ချက်ကို လွှတ်တော်ကိုယ်စားလှယ် အနေဖြင့် ကျူးလွန်ပါက တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိကြောင်း ဥပဒေကြမ်း အခန်း (၂) ပုဒ်မ ၃ တွင် ပြဋ္ဌာန်းထားသည်။

တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်ကို သက်ဆိုင်ရာ မဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းက ပုဒ်မ ၃ ပါ အကြောင်းတစ်ရပ်ရပ်အရ ရုပ်သိမ်းလိုခြင်းဖြစ်ကြောင်း လက်မှတ်ထိုး၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်သွင်းရမည်ဖြစ်သည်။

တိုင်တန်းချက်ကို လက်ခံရရှိသည့်အခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဝင်တစ်ဦးက ဥက္ကဋ္ဌအဖြစ် ပါဝင်စေပြီး ဥပဒေ ကျွမ်းကျင်သည့်နိုင်ငံသားနှစ်ဦး၊ သင့်လျော် သောနိုင်ငံသားတစ်ဦး၊ သက်ဆိုင်ရာလွှတ် တော်မှ ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း ငါးဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းဆောင် ရွက်ရမည်ဖြစ်ပြီး လိုအပ်ပါက ရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်ဦးရေကို သင့်လျော်သလို ထည့်သွင်းဖွဲ့စည်းနိုင်မည့်အချက် ဥပဒေကြမ်းတွင် ပါရှိသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့က သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့အပါအဝင် အချက် ငါးချက်ဖြင့် တိုင်တန်းခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးမည့်အချက်ကို ဥပဒေကြမ်းအ ခန်း (၃) ပုဒ်မ ၈ (က)တွင် ပြဋ္ဌာန်းထားပြီး တိုင် တန်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်က ၎င်းင်းကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့် ဖြစ်စေ ချေပခွင့်ရရှိမည့် အချက်လည်းပါဝင်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် သက်ဆိုင်ရာမဲဆန္ဒရှင် အနည်းဆုံး တစ်ရာခိုင်နှုန်း၏ တိုင်တန်းချက် မဟုတ်ခြင်း၊ တိုင်တန်းချက် မှန်ကန်မှုမရှိခြင်း၊ ပုဒ်မ ၈ (က) ပါ အချက်များဖြင့် တိုင်တန်းခြင်း၊ ပုဒ်မ ၃ ဖြင့် ညိစွန်းကြောင်း မပေါ်ပေါက်ပါက တိုင်တန်းချက်ကို ပလပ်မည်ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည်ရုပ်သိမ်းကြောင်း (သို့မဟုတ်) ရုပ်သိမ်းခြင်း မပြုကြောင်းကို မူလမဲဆန္ဒရှင် ထက်ဝက်ကျော်က ဆန္ဒမဲပေးရမည်ဖြစ်ပြီး ထိုအ ရေအတွက်မရရှိပါက မရုပ်သိမ်းကြောင်း ဆုံးဖြတ်မည်ဖြစ်ကာ၊ ဆန္ဒမဲပေးသည့် ထက်ဝက်ကျော်က တာဝန်မှပြန်လည် ရုပ်သိမ်းလိုကြောင်း ဆန္ဒပြုလျှင် ရုပ်သိမ်းကြောင်း ဆုံးဖြတ်မည်ဖြစ်ပြီး ထက်ဝက်ကျော်က ဆန္ဒမပြုလျှင် ရုပ်သိမ်းခြင်း မပြုကြောင်း ဆုံးဖြတ်မည် ဖြစ်သည်။

တာဝန်မှ ပြန်လည်ရုပ်သိမ်းခံရသူသည် လက်ရှိလွှတ်တော် သက်တမ်းနှင့် လာမည့်လွှတ်တော် သက်တမ်းကို ယှဉ်ပြိုင်ခွင့်ရှိသည့် အချက်၊ မမှန်မကန် တိုင်တန်းကြောင်း စစ်ဆေးပေါ်ပေါက်လျှင် ဦးဆောင်သူကို အရေးယူဆောင်ရွက်မည့် အချက်များလည်း ဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ကတိသစ္စာပြုသည့်နေ့မှစ၍ တစ်နှစ်အတွင်း ပုဒ်မ ၃ (င) အရ တိုင်တန်းချက်ကို အရေးယူခြင်း မပြုရဆိုသည့် အချက်လည်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

Most Read

Most Recent