ဂျူဗင်တပ်စ်နှင့် အကြိုသဘောတူစာချုပ် ချုပ်ဆိုလိုက်သည့် ရမ်ဆေး  တစ်ပတ်ပေါင်(၄၀၀၀၀၀)ဖြင့် စံချိန်တင်လစာနှုန်းထား ရရှိမည်

ဂျူဗင်တပ်စ်နှင့် အကြိုသဘောတူစာချုပ် ချုပ်ဆိုလိုက်သည့် ရမ်ဆေး  တစ်ပတ်ပေါင်(၄၀၀၀၀၀)ဖြင့် စံချိန်တင်လစာနှုန်းထား ရရှိမည်
Photos : Twitter
Photos : Twitter
Published 12 February 2019

အာဆင်နယ်အသင်းမှ ဝေးလ်စ်ကွင်းလယ်ကစားသမား ရမ်ဆေးသည် လာမည့်ရာသီတွင် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့မည်ဖြစ်ပြီး ယခုအခါ အကြိုသဘောတူစာချုပ် ချုပ်ဆိုခဲ့ရာ ဗြိတိန်ကစားသမားများထဲတွင် စံချိန်တင်လစာနှုန်းထားရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ရမ်ဆေးကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်၍ မြင့်မားသည့်လစာနှုန်းထား ပေးချေရန် သဘောတူညီခဲ့ခြင်းဖြစ်ပြီး (၄)နှစ်စာချုပ် ချုပ်ဆို လိုက်ကြောင်းလည်း သိရှိရသည်။ 

ထို့ကြောင့် ရမ်ဆေးသည် တစ်ပတ်လစာပေါင် (၄)သိန်းဖြင့် ဗြိတိန်ကစားသမားများထဲ၌ လစာအများဆုံးရရှိသည့် ကစားသမားဖြစ်လာမည်ဖြစ်သည်။ 

ထို့ပြင် ဂျူဗင်တပ်စ်အသင်းသည် ယခုကဲ့သို့ မြင့်မားသည့် လစာနှုန်းထားဖြင့် (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်၍ ရမ်ဆေး ကိုခေါ်ယူခဲ့ခြင်းအတွက် စုစုပေါင်း ပေါင်သန်း (၈၀)ကျော် အသုံးပြုသွားရမည်ဖြစ်ကြောင်းလည်း ဗြိတိန်မီဒီယာများက သုံးသပ်ခဲ့ကြသည်။ 

ရမ်ဆေးသည် ၂၀၀၈ ခုနှစ်က ကာဒစ်ဖ်အသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်(၄.၈)သန်းဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၁၁-၁၂ ရာသီမှစ၍ အမာခံကစားသ မားအဖြစ် ရပ်တည်လာခဲ့သူဖြစ်သည်။ 

သို့သော်  စာချုပ်သက် တမ်းတိုးရန် ဆွေးနွေးရာတွင် ရမ်ဆေးတောင်းဆိုသည့် လစာနှုန်းထားကို အာဆင်နယ်အသင်းက ပေးချေလိုခြင်းမရှိ၍  လမ်းခွဲရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ 

ယင်း အခြေအနေတွင် အသက်(၂၈)နှစ်သာရှိသေးသည့် ရမ်ဆေး ကိုခေါ်ယူလိုသည့်အသင်းများစွာရှိခဲ့ပြီး ဘာစီလိုနာ၊ ဘိုင်ယန် မြူးနစ်၊ အင်တာမီလန် အစရှိသည့် ဥရောပထိပ်သီးအသင်းများ စွာက စောင့်ကြည့်နေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ 

နောက်ဆုံးတွင် ဂျူဗင်တပ်စ်အသင်းက လက်တွေ့ကျကျ ကြိုး ပမ်းခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ညှိနှိုင်းမှုများ အဆင်ပြေခဲ့သည့်အတွက် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပင် ဆေးစစ်မှုများပြုလုပ်ခဲ့သည်။ 

ရမ်ဆေးသည် ဇူလိုင်လ (၁)ရက်နေ့ တွင် ဂျူဗင်တပ်စ်ကစားသမားအဖြစ် စာမျက်နှာသစ် ဖွင့်လှစ် သွားရမည်ဖြစ်ပြီး အီယန်ရပ်ရှ်နှင့် ဂျွန်ချာလက်စ်တို့၏နောက် ဂျူဗင်တပ်စ်အသင်းတွင် ကစားခွင့်ရသည့် တတိယမြောက် ဝေးလ်စ်ကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။ 

သို့သော် ယခုကဲ့သို့ ဂျူဗင်တပ်စ်အသင်းတွင် ရမ်ဆေးအနေဖြင့် စံချိန်တင်လစာနှုန်းထားရရှိမည့်အခြေအနေကို လှောင်ပြောင်ဝေဖန်သူတချို့ ရှိနေကြောင်းလည်း သိရှိရသည်။ 

 

Most Read

Most Recent