ပရီးမီးယားလိဂ်ချန်ပီယံဆုကို မိမိတို့ ရယူနိုင်စွမ်းရှိသည်ဟု စပါးကွင်းလယ်လူ ဟယ်ရီဝင့်ခ်ပြောကြား

ပရီးမီးယားလိဂ်ချန်ပီယံဆုကို မိမိတို့ ရယူနိုင်စွမ်းရှိသည်ဟု စပါးကွင်းလယ်လူ ဟယ်ရီဝင့်ခ်ပြောကြား
Photo: Reuters
Photo: Reuters
Published 10 February 2019

စပါးအသင်းကွင်းလယ်လူ ဟယ်ရီဝင့်ခ်က မိမိတို့အနေဖြင့် မန်စီးတီး၊ လီဗာပူးလ်တို့နှင့်အပြိုင် ယခုရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူနိုင်စွမ်းရှိနေကြောင်း ပြောကြားခဲ့သည်။

စပါးအသင်းသည် ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နေသည့် လီဗာပူးလ်အသင်း (၆၅ မှတ်) နှင့် (၈) မှတ်ကွာဟပြီး ရမှတ် (၅၇) မှတ်ဖြင့်အဆင့် (၃) နေရာတွင် ရပ်တည်နေသည်။

ထို့ပြင် စပါးအသင်းသည် ယခုရာသီပရီးမီးယားလိဂ်ပွဲကျန်များထဲတွင် လီဗာပူးလ်၊ မန်စီးတီးတို့နှင့်ပွဲစဉ်များ ကျန်ရှိနေသေးရာ ယင်းပွဲစဉ်များကိုသာ အနိုင်ကစားနိုင်ပါက ချန်ပီယံဆုမှာ ၄င်းတို့အတွက် ဖြစ်လာမည်ဟု ဟယ်ရီဝင့်ခ်က ပြောကြားခဲ့သည်။

ဟယ်ရီဝင့်ခ်က '' ဝုလ်ဗ်အသင်းကို ကျွန်တော်တို့ရှုံးသွားတဲ့အချိန်မှာ လူတွေက စပါးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ အဆင့် (၄) အတွင်းဝင်ဖို့ပဲ ယှဉ်ပြိုင်ရတော့မယ်လို့ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ နယူးကာဆယ်အသင်းကို ကျွန်တော်တို့နိုင်ပြီးနောက်မှာတော့ စပါးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံလောင်းစာရင်းမှာ ပါဝင်နေတုန်းပဲလို့လူတွေက ဆိုကြပြန်ပါတယ်။ ကျွန်တော်တို့ကတော့ လူတွေဘာပြောပြော ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့ဟာ ပွဲစဉ်တစ်ပွဲချင်းစီတိုင်း အကောင်းဆုံးဖြစ်အောင် ဘယ်လိုကစားရမလဲဆိုတာကိုပဲ အာရုံစိုက်ထားပါတယ်။ ရာသီကုန်မှာ ဘာဖြစ်မလဲဆိုတာတော့ ဘယ်သူမှမသိနိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ လီဗာပူးလ်၊ မန်စီးတီးတို့နဲ့ ထိပ်တိုက်တွေ့ဆုံရဦးမှာပါ။ ကျွန်တော်တို့အနေနဲ့ ချန်ပီယံဆုကို လိုချင်တယ်ဆိုရင်တော့ အဲဒီ (၂) ပွဲကိုအနိုင်ကစားဖို့ လိုပါလိမ့်မယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့အနေနဲ့ အသင်းရဲ့ ပုံစံကိုကျေနပ်အားရပါတယ်။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ကသာ ပိုအရေးကြီးပါတယ်'' ဟုပြောကြားခဲ့သည်။

ထို့ပြင် ဟယ်ရီဝင့်ခ်က အသင်း၏အဓိကကစားသမားများဖြစ်သော ဟာရီကိန်းနှင့် အယ်လီတို့ဒဏ်ရာများကြောင့် မကစားနိုင်ချိန်တွင် အသင်းရလဒ်များကောင်းမွန်နေခြင်းအတွက် ဝမ်းမြောက်ကြောင်းလည်း ပြောဆိုခဲ့သည်။

Most Read

Most Recent