ပရီးမီးယားလိဂ်ပွဲစဉ်(၂၆) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၂၆) ပွဲကြိုသုံးသပ်ချက်
Published 9 February 2019

ဖူလ်ဟမ် နှင့် မန်ယူ (စနေည ရးဝ၀ နာရီ)

ဖူလ်ဟမ်က အဝေးကွင်းမှာ အရမ်းအားနည်းသလောက် အိမ်ကွင်းမှာတော့ မဆိုးဘူးလို့ ပြောရမယ့်အသင်းဖြစ်တယ်။ အိမ်ကွင်း (၁၂)ပွဲမှာ (၅)ပွဲပဲ ရှုံးခဲ့တာတွေ့ရပြီး စပါးနဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲတုန်းကလည်း နောက်ဆုံးမိနစ်ဂိုးနဲ့ ကပ်ရှုံးခဲ့တာဖြစ်တယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ မန်ယူက အကောင်းဆုံးပုံစံကို ပြသနေတဲ့အသင်းဖြစ်သလို၊ အဝေးကွင်းရလဒ်တွေကလည်း အရမ်းအားကောင်းနေတယ်။ မန်ယူနိုင်ဦးမှာပါ။ 

ခရစ္စတယ်ပဲလေ့စ်် နှင့် ဝက်စ်ဟမ်း (စနေည ၉း၃၀ နာရီ)

ဝက်စ်ဟမ်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ လီဗာပူးလ်ကို ခြေအသာနဲ့ကစားပြီး သရေ တစ်မှတ်ယူနိုင်ခဲ့တယ်။ ပဲလေ့စ်က နောက်ဆုံး(၂)ပွဲမှာ (၄)မှတ်ယူခဲ့ပြီး ဒီပွဲမှာလည်း အမှတ်ယူနိုင်ဖို့ ကြိုးစားမှာပါ။ ပထမအကျော့တုန်းက ဝက်စ်ဟမ်က (၃-၂) နဲ့ အနိုင်ရခဲ့ပြီး ဒီပွဲမှာတော့ ပဲလေ့စ်က နိုင်ပွဲပြန်ရှာဖို့ ကြိုးစားလိမ့်မယ်။ ပဲလေ့စ် (၁-၀)လောက်နဲ့ ကပ်နိုင်လိမ့်မယ်။

ဟတ်ဒါဖီးလ်် နှင့် အာဆင်နယ် (စနေည ၉း၃၀ နာရီ)

ဟတ်ဒါဖီးလ်က ဒီရာသီပရီးမီးယားလိဂ်မှာ အိမ်ကွင်းရလဒ်အညံ့ဆုံးအသင်းဖြစ်ပြီး ဒီလိုအသင်းမျိုးကို အာဆင်နယ်က မနိုင်ထားဘူးဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကိုပါ လက်လျှော့လိုက်ရမလိုဖြစ်သွားလိမ့်မယ်။ ချယ်လ်ဆီးက ရုန်းကန်ရမယ့်အချိန်မှာ  အမှတ်တူဖြစ်လာနိုင်တဲ့အနေအထားကို အာဆင်နယ် လက်လွှတ်ခံမှာမဟုတ်ဘူး။ အာဆင်နယ် နိုင်ပွဲရပါလိမ့်မယ်။ 

လီဗာပူးလ်် နှင့် ဘုန်းမောက် (စနေည ၉း၃၀ နာရီ)

ဘရိုက်တန်၊ ပဲလေ့စ်တို့ကို တစ်ဂိုးအသာနဲ့ ကပ်နိုင်အောင် အသည်းအသန်ကစားခဲ့ရပြီး လက်စတာ၊ ဝက်စ်ဟမ်းတို့နဲ့ ပွဲတွေမှာ အမှတ်လျော့ခဲ့တာကြောင့် မန်စီးတီးနဲ့ လီဗာပူးလ်ကြား(မန်စီးတီးအသင်း တစ်ပွဲပို) အမှတ်ကွာဟမှု လုံးဝမရှိတော့ပါဘူး။ ဒါပေမဲ့ ဂိုးကွာခြားချက်မှာ မန်စီးတီးက ပိုသာနေလို့ လီဗာပူးလ်အနေနဲ့ ဒီလိုပွဲမျိုးကို ဂိုးပြတ်နိုင်ထားဖို့ လိုပါတယ်။ ဒီတစ်ပတ်မန်စီးတီးက ချယ်လ်ဆီးနဲ့ ပွဲကျပ်ကစားရမယ့်အချိန်မှာ လီဗာပူးလ်က ဘုန်းမောက်ကို မဖြစ်မနေနိုင်ပွဲယူထားရမယ့် အခြေအနေဖြစ်ပြီး ဒီပွဲအနိုင်ကစားထားမှ တနင်္ဂနွေညမှာ ချယ်လ်ဆီးနဲ့ ကစားရမယ့် မန်စီးတီးကို ဖိအားဝင်စေလိမ့်မယ်။ လက်ရှိအချိန်မှာ ဘုန်းမောက်က နောက်ဆုံး(၃)ပွဲမှာ ဝက်စ်ဟမ်း၊ ချယ်လ်ဆီးတို့ကို အနိုင်ကစားခဲ့တယ်။ ဒါပေမဲ့ ဒီရာသီ ဘုန်းမောက်ရဲ့ အဝေးကွင်းခြေစွမ်းက စိတ်ပျက်စရာဖြစ်ပြီး နောက်ဆုံးပွဲမှာလည်း ကာဒစ်ဖ်လိုအသင်းကိုတောင် အဝေးကွင်းမှာ (၀-၂)ဂိုးနဲ့ ရှုံးခဲ့တာကို တွေ့ရတယ်။  အချက်အလက်တွေအရကြည့်ရင် လီဗာပူးလ် သေချာပေါက်နိုင်မယ်ဆိုတာတွေကိုပဲ မြင်ရမှာဖြစ်ပေမယ့် လက်စတာ၊ ဝက်စ်ဟမ်းတို့ကို ဒီလိုအချက်အလက်တွေနဲ့ပဲ သရေကျခဲ့တာ မမေ့သင့်ဘူး။ ဒီပွဲလည်း လီဗာပူးလ်ဂိုးပြတ်ဖို့ထက် အနိုင်သေချာဖို့ပဲ ကစားလိမ့်မယ်။ 

ဆောက်သမ်တန်် နှင့် ကာဒစ်ဖ် (စနေည ၉း၃၀ နာရီ)

ဆောက်သမ်တန်ရဲ့ ခြေစွမ်းပိုင်းက သိသိသာသာတိုးတက်လာတာတွေ့ရတယ်။ နိုင်ပွဲတွေနဲ့ သရေပွဲတွေပဲ ဆက်တိုက်ကစားနေပြီး ကွင်းမရွေးဘဲ တည်တည်ငြိမ်ငြိမ်ကစားနိုင်တယ်။ နောက်ဆုံးကစားခဲ့တဲ့ (၅)သင်းစလုံးက မာကျောတဲ့အသင်းတွေနဲ့ ခြေတက်နေတဲ့ အသင်းတွေချည်းဖြစ်ပြီး ဒီလိုပွဲမျိုးတွေမှာ ပြသခဲ့တဲ့ ခြေစွမ်းက ကာဒစ်ဖ်ကို အနိုင်ကစားဖို့ လုံလောက်ပါတယ်။ ဆောက်သမ်တန် (၂-၀)လောက်ဖြစ်နိုင်တယ်။ 

ဝက်ဖို့ဒ်် နှင့် အဲဗာတန် (စနေည ၉း၃၀ နာရီ)

ဝက်ဖို့ဒ်ရဲ့ လက်ရှိရလဒ်ပိုင်းက ကျေနပ်စရာဖြစ်သလို၊ ခြေစွမ်းပိုင်းကလည်း တည်ငြိ်မ်တယ်။ ကွင်းလယ်ကစားပုံကောင်းပြီး ခံစစ်၊ တိုက်စစ်ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်တယ်။ အဲဗာတန်က ဝက်ဖို့ဒ်ထက်ပိုကောင်းတဲ့ လူအင်အားကို ပိုင်ဆိုင်ထားပေမယ့် ဝက်ဖို့ဒ်လောက်မကျစ်လျစ်ဘူး။ ပထမအကျော့ ဝက်ဖို့ဒ်ကွင်းမှာ (၂-၂)သရေကျခဲ့သလို၊ ဒီပွဲလည်း သရေကျနိုင်တယ်။ အနိုင်ဆိုရင်တော့ အိမ်ရှင်အသင်းကိုကြိုက်တယ်။ 

ဘရိုက်တန်် နှင့် ဘန်လေ (စနေည ၁၂းဝ၀ နာရီ)

ဘရိုက်တန်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဝက်ဖို့ဒ်ကို အသည်းအသန်ကစားပြီး သရေကျခဲ့တယ်။ ဘန်လေကတော့ ပရီးမီးယားလိဂ်မှာ နောက်ဆုံး (၆)ပွဲဆက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့တဲ့အသင်းဖြစ်ပြီး (၂)သင်းစလုံးက တန်းဆင်းဇုန်နဲ့အဝေးကိုရောက်ဖို့ ကြိုးစားနေတဲ့အသင်းတွေပါ။ လက်ရှိအချိန်မှာ ဘန်လေရဲ့ ရလဒ်တွေက ပိုကောင်းနေပေမယ့် ဘရိုက်တန်ကလည်း အိမ်ကွင်းရလဒ်ကောင်းတဲ့အသင်းပါ။ သရေကျဖို့ များပါတယ်။

Most Read

Most Recent