မန်ယူအသင်းသည် အသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ ရပ်ရှ်ဖို့ဒ်အား တစ်ပတ်လစာ ပေါင် (၁၅၀၀၀၀) ဖြင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေကြောင်း ဗြိတိန်သတင်းစာ Daily Mail ကဖော်ပြခဲ့သည်။
အသက် (၂၁) နှစ်အရွယ်ရှိ အင်္ဂလန်လူငယ်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် ယာယီနည်းပြ ဆိုးလ်ရှားလက်အောက်တွင် ခြေစွမ်းပြကစားနေပြီး ယခုရာသီပြိုင်ပွဲစုံတွင် (၁၀) ဂိုးသွင်းယူထားသည်။
မန်ယူအသင်းသည် လက်ရှိတွင် အသင်း၏အဓိကကစားသမားများကို စာချုပ်သက်တမ်းတိုးခြင်းများ ဆောင်ရွက်နေပြီး မာစီယဲလ်ကို ပြီးခဲ့သည့် ဇန်နဝါရီလက စာချုပ်သက်တမ်းတိုးခဲ့သလို၊ ယခုအခါ ဂိုးသမား ဒီဟေးယားနှင့် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်တို့ကိုပါ စာချုပ်သက်တမ်းတိုးရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ရပ်ရှ်ဖို့ဒ်နှင့် မန်ယူအသင်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၀ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်ပါအချက်အလက်များအရ တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေသော်လည်း မန်ယူအသင်းက ၄င်းကိုနှစ်ရှည်သက်တမ်းတိုးရန် ပြင်ဆင်နေခြင်းဖြစ်သည်။
စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းမှ ခေါ်ယူရန်စိတ်ဝင်စားခြင်းခံနေရသည့် ရပ်ရှ်ဖို့ဒ်အား မန်ယူအသင်းက လစာတိုးပေးကာ နှစ်ရှည်စာချုပ်ချုပ်ဆိုနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ရပ်ရှ်ဖို့ဒ်အနေဖြင့်လည်း ဆိုးလ်ရှားလက်အောက်တွင် ၄င်းကစားလိုသည့် အထောင်တိုက်စစ်မှူးနေရာတွင် ကစားခွင့်ရနေသည့်အတွက် စာချုပ်သက်တမ်းတိုးဖွယ်ရှိကြောင်း Daily Mail ကဖော်ပြခဲ့သည်။