အနာဂတ်အတွက် ဆုံးဖြတ်ပြီးပြီဟု ဟာဇက် ပြောကြား

အနာဂတ်အတွက် ဆုံးဖြတ်ပြီးပြီဟု ဟာဇက် ပြောကြား
Photo: PA
Photo: PA
Published 5 February 2019

ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက်က ၎င်းအနေဖြင့် အနာဂတ်အတွက် ဆုံးဖြတ်ထားပြီးပြီဟု ပြောကြားခဲ့သည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာဇက်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

ဟာဇက်အား ခေါ်ယူရန် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းက ကာလရှည်ပစ်မှတ်ထားနေပြီး ဟာဇက်ကိုယ်တိုင်ကလည်း ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကစားလိုကြောင်း ဝန်ခံထားသည်။

ဟာဇက်သည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် အလွန်နီးစပ်ခဲ့ပြီး နောက်ဆုံးတွင် ချယ်လ်ဆီးအသင်းအတွက် ဆက်ကစားခဲ့ခြင်း ဖြစ်သည်။

ဟာဇက်က "ဘာလုပ်ရမလဲဆိုတာကုုိ ကျွန်တော် သိပါတယ်။ ဆုံးဖြတ်ချက်လည်း ချပြီးပါပြီး"ဟု ပြင်သစ်သတင်းဌာန RMC နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ သို့သော် ဟာဇက်သည် ၎င်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

ဟာဇက်သည် ၂၀၁၂ ခုနှစ်က ပြင်သစ်ကလပ် လိုင်လီအသင်းမှ ချယ်လ်ဆီးအသင်းသို့ ပေါင် (၃၂)သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး ယခုရာသီ ပြိုင်ပွဲစုံ (၃၁)ပွဲတွင် (၁၅)ဂိုး သွင်းယူထားသည်။ 

ဟာဇက်သည် လာမည့်ရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေး သဘောတူညီမှုများ ရရှိထားပြီဟု စပိန်မီဒီယာများက ဖော်ပြနေကြသည်။