နယူးကာဆယ်အသင်းအား ရှုံးနိမ့်ခဲ့သော်လည်း မိမိတို့အသင်းအတွက် ချန်ပီယံလုပွဲမပြီးဆုံးသေးကြောင်း ဂွါဒီယိုလာပြောကြား

နယူးကာဆယ်အသင်းအား ရှုံးနိမ့်ခဲ့သော်လည်း မိမိတို့အသင်းအတွက် ချန်ပီယံလုပွဲမပြီးဆုံးသေးကြောင်း ဂွါဒီယိုလာပြောကြား
Photo : Getty Images/AFP
Photo : Getty Images/AFP
Published 30 January 2019

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက နယူးကာဆယ်အသင်းအား (၂-၁)ဂိုးဖြင့် မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့သော်လည်း မိမိတို့အသင်းအတွက် ချန်ပီယံလုပွဲမပြီးဆုံးသေးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် လက်ရှိအချိန်တွင် တစ်ပွဲလျော့ကစားထားသည့် လီဗာပူုးလ်အသင်းနှင့် (၄)မှတ်ကွာဟလျက်ရှိပြီး ယနေ့ည၌ လီဗာပူးလ်အသင်းသာ နိုင်ပွဲရရှိပါက (၇)မှတ်အထိကွာဟသွားမည်ဖြစ်ကာ ချန်ပီယံဆုကာကွယ်ခွင့်အတွက် ခက်ခဲသည့်အခြေအနေနှင့်ရင်ဆိုင်ရတော့မည်ဟု သုံးသပ်မှုများရှိလာခဲ့သည်။  သို့ရာတွင် ဂွါဒီယိုလာက မိမိတို့အသင်းအနေဖြင့်ရှုံးပွဲတွေ့ကြုံခဲ့သော်လည်း လက်ရှိအချိန်မှာ ဇန်နဝါရီလသာရှိသေးပြီး  ရာသီကုန်ခါနီးကာလဖြစ်သည့် ဧပြီ၊ မေ စသည့်လများကိုရောက်ရှိနေချိန်မဟုတ်ကြောင်းတုံ့ပြန်ပြောကြားခဲ့သည်။

 

 

 



ဂွါဒီယိုလာက'' အခုမှ ဇန်နဝါရီပဲရှိပါသေးတယ်။အဲဒါကြောင့် အချိန်တွေအများကြီးကျန်ပါသေးတယ်။ ဒါပေမဲ့ ခင်ဗျားအသင်းဟာ ထိပ်ဆုံး က အသင်းရဲ့နောက်မှာရှိနေတယ်ဆိုရင် အမှတ်တွေဆုံးရှုံးချင်မှာတော့ မဟုတ်ပါဘူး။  (၇)မှတ်လောက်ဖြတ်ပြီးဦးဆောင်နေမယ်ဆိုရင် ဒါဟာ တော်တော့်ကိုကွာခြားတဲ့ရမှတ်ပါပဲ။ ဒါပေမဲ့ အခုက ဧပြီ၊ မေ စတဲ့လတွေကိုရောက်ရှိနေတာမဟုတ်ပါဘူး။ ပွဲတွေအများကြီးကစားဖို့ ကျန်ပါသေးတယ်။ ဘာမဆိုဖြစ်လာနိုင်ပါတယ်'' ဟုပြောကြားခဲ့သည်။

နယူးကာဆယ်အသင်းအနေဖြင့် မန်စီးတီးအသင်းကိုအနိုင်ရခဲ့ခြင်းကြောင့်  တန်းဆင်းဇုန်နှင့် (၅)မှတ်ကွာနေရာ၌ ရပ်တည်နိုင်ခဲ့သည်။ မန်စီးတီးအသင်းသည် လာမည့်ရက်သတ္တပတ်တွင် အာဆင်နယ်အသင်းအား အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်ကြောင်း သိရသည်။