ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ကွန်ပနီကို မန်စီးတီးအသင်း စာချုပ်သစ်ချုပ်ဖွယ်မရှိ

ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ကွန်ပနီကို မန်စီးတီးအသင်း စာချုပ်သစ်ချုပ်ဖွယ်မရှိ
Photos: Getty Images
Photos: Getty Images
Published 30 January 2019

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် အသင်းခေါင်းဆောင် ကွန်ပနီအား အသင်းအနေဖြင့် စာချုပ်သစ်ချုပ်၊ မချုပ်ကို စဉ်းစားနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၃၂)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံနောက်ခံလူ ကွန်ပနီ၏ မန်စီးတီးအသင်းနှင့် ချုပ်ဆိုထားသည့်စာချုပ်မှာ ယခုရာသီအကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ 

ဂွါဒီယိုလာက ကွန်ပနီမှာ ထိပ်တန်းကစားသမားအဖြစ်ရှိနေဆဲဖြစ်သော်လည်း ဒဏ်ရာပြဿနာများကြောင့် နောက်ဆုံး(၅) ရာသီအတွင်း ကစားခဲ့သည့်ပွဲမှာ အလွန်နည်းပါးကြောင်း ပြောကြားခဲ့သည်။

ဂွါဒီယိုလာက "စာချုပ်ကိစ္စကတော့ ကွန်ပနီ၊ သူ့အေဂျင့်နဲ့ အသင်းတို့ ဆွေးနွေးရမယ့် ကိစ္စဖြစ်ပါတယ်။ ကွန်ပနီရဲ့ စွမ်းဆောင်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လုံးဝသံသယမရှိပါဘူး။ သူမကစားနိုင်တဲ့အချိန်မှာ သူ့ကို ကျွန်တော်တို့ လွမ်းပါတယ်။ ကွန်ပနီက ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီး အသင်းအကူအညီပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံး (၅)နှစ်အတွင်းမှာ သူကစားခဲ့တဲ့ပွဲတွေက အတော်လေးနည်းပါးပါတယ်။ ဒီလိုအနေအထားမှာ အသင်းက ဘယ်လိုဆုံးဖြတ်မလဲတော့ ကျွန်တော် မသိပါဘူး။ သူတို့အကောင်းဆုံးအဖြေကို ရှာနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။

ကွန်ပနီသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က ဟမ်းဘတ်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၃)ကြိမ်အထိ ရယူနိုင်ခဲ့သည်။

သို့သော် ကွန်ပနီသည် ပြီးခဲ့သည့်နောက်ဆုံး (၅)ရာသီအတွင်း မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံတွင် (၁၀၅)သာ ကစားခဲ့ပြီး ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်ခဲ့ရသလို၊ လက်ရှိတွင်လည်း လီဗာပူးလ်နှင့်ပွဲတွင် ရရှိခဲ့သည့် ကြွက်သားဒဏ်ရာကြောင့် အနားယူနေရသည်။