ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်နှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင်များ အစားထိုးပြောင်းလဲခြင်းအပေါ်  တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက် 

ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်နှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင်များ အစားထိုးပြောင်းလဲခြင်းအပေါ်  တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက် 
Published 30 January 2019
စိုးမင်းထိုက်၊ စည်သူ၊ မောင်ထူး

ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်နှင့်  ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင်များ အစားထိုး ပြောင်းလဲခြင်းအပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဇန်နဝါရီ ၂၉ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်သည်။ 

ပထမဦးစွာ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးတင်ထွေး (ဝေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) အား  ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့သည့်အတွက် ၎င်းနေရာတွင် ဦးအောင်တင်လင်း (နတ်မောက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) အား အဖွဲ့ဝင်အဖြစ် အစားထိုး ခန့်အပ်တာဝန်ပေးအပ်နိုင်ရန်  ပြည်သူ့လွှတ်တော်ရုံးက စာပေးပို့ထားကြောင်း ၊ အဆိုပါ  ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် အစားထိုးခန့်အပ်ရန် ကိစ္စရပ်နှင့်စပ်လျဉ်းပြီး လွှတ်တော်မှ သဘောတူသလားဟု လွှတ်တော်ကိုယ်စားလှယ်များကို  ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က မေးမြန်းသည်။ 

ထို့နောက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက “လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရဲ့အခွင့်အရေးအရ တင်ပြခွင့်ပြုပါ။ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈ အရ ကျွန်တော်တို့ စက်ခလုတ် အသုံးပြုပြီး မဲခွဲ ဆုံးဖြတ်ပေးပါရန် တင်ပြအပ်ပါတယ်”ဟု ပြောကြားသည်။ 

ယင်းနောက် စက်ခလုတ် အသုံးပြု၍ လွှတ်တော်ကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ကို ရယူရာတွင် မဲပေးခွင့်ရှိသူ စုစုပေါင်း ၅၉၈ ဦးအနက် ထောက်ခံဆန္ဒမဲ  ၃၈၅ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၁၈၇ မဲ၊ ကြားနေမဲ  ၁၂ မဲဖြစ်၍ ထောက်ခံဆန္ဒမဲ များသဖြင့် ပြည်သူ့လွှတ်တော်၏ အဆိုပြုတင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။ 

ဆက်လက်၍  ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းထားသည့်  ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အဖွဲ့ဝင်များ ဖြစ်သော ဦးဘိုကြီး(ချောက်မဲဆန္ဒနယ်) အစား ဦးကံမြင့် (သရက်မဲဆန္ဒနယ်) ၊ ဒေါ်ချိုချိုဝင်း(မော်လိုက် မဲဆန္ဒနယ်)အစား ဒေါ်နီနီဒွန်း(ပေါက်ခေါင်း မဲဆန္ဒနယ်)၊ ဦးလင်းဇော်ထွန်း(မိုင်းဖြတ် မဲ ဆန္ဒနယ်)အစား ဦးစစ်အေး(တောင်သာ မဲဆန္ဒနယ် )၊ ဗိုလ်မှူးချုပ် ရဲနိုင်မျိုး( တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) အစား ဦးကျော်တင့်(တပ်ကုန်းမဲဆန္ဒနယ်)တို့အား ပြောင်းလဲ တာဝန်ပေးအပ်နိုင်ရန် ပြည်သူ့လွှတ်တော်က ပေးပို့ထားသည့်အတွက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မီ အဖွဲ့ဝင်များ ပြောင်းလဲ တာဝန်ပေးအပ်ရန် ကိစ္စကို လွှတ်တော်က သဘောတူသလားဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က  လွှတ်တော်အစည်းအဝေးတွင် မေးမြန်းသည်။ 

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်သီဟက “ကျွန်တော်တို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှာ ပြည်သူ့လွှတ်တော်က အဖွဲ့ဝင် ခုနစ်ဦး၊ အမျိုးသားလွှတ်တော်က အဖွဲ့ဝင် ခုနစ်ဦး ဖွဲ့စည်းတဲ့အခါမှာ ပါတီအဖွဲ့အစည်းအလိုက် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် ရဲနိုင်မျိုးကို လဲလှယ်ပြီးတော့မှ အခြားအစားထိုးမယ် ဆိုရင်တော့ ဒါကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်”ဟု ပြောကြားသည်။ 

ထို့နောက် စက်ခလုတ် အသုံးပြု၍ လွှတ်တော်ကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ကို ရယူရာတွင် မဲပေးခွင့်ရှိသူ စုစုပေါင်း  ၅၉၈ ဦးအနက် ထောက်ခံဆန္ဒမဲ  ၃ရရမဲ ၊ ကန့်ကွက်ဆန္ဒ  ၁၉၃မဲ၊ ကြားနေမဲ  ၁၂ မဲဖြစ်၍ ထောက်ခံမဲ များသဖြင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အဆိုပြုတင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။