အာဆင်နယ်ကွင်းလယ်လူဟောင်း ပီတစ်က အသင်းအနေဖြင့် ရာသီကုန်တွင် အသင်းမှထွက်ခွာမည့် ရမ်းဆေး၏နေရာ၌ အစားထိုးရန် ဟာမီးစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူသင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။
ယခုရာသီကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် ဝေးလ်စ်လက်ရွေးစင်ကွင်းလယ်လူ ရမ်ဆေး (၂၈ နှစ်)သည် လာမည့်ရာသီတွင် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကစားတော့မည်ဖြစ်သည်။
ပီတစ်က ရမ်ဆေးအနေဖြင့် ကမ္ဘာ့အကောင်းဆုံးလိဂ်ပြိုင်ပွဲဖြစ်သည့် ပရီးမီးယားလိဂ်ကို စွန့်ခွာပြီး စီးရီးအေသို့ ပြောင်းရွှေ့ခြင်းမှာ မှားယွင်းကြောင်း ဗြိတိန်သတင်းစာ Mirror နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ပီတစ်က "အနှုတ်သဘောဆောင်တဲ့စကားတွေကို ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမဲ့ ရိုးသားစွာဝန်ခံရရင် ရမ်ဆေးအနေနဲ့ ဂျူဗင်တပ်စ်အသင်းကို ဘာလို့ပြောင်းတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ စီးရီးအေက ပရီးမီးယားလိဂ် မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်ပြီး အကြိတ်အနယ်အရှိဆုံးပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ နှစ်စဉ်နှစ်တိုင်း ချန်ပီယံဆုကို အပြိုင်လုတဲ့အသင်း (၃)သင်း (၄)သင်းလောက် အနည်းဆုံးရှိတယ်။ ဒါမျိုးကို လာလီဂါ၊ စီးရီးအေ၊ လီဂူး ဘယ်မှာမှ မမြင်ရပါဘူး"ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ်၊ ဘိုင်ယန်မြူးနစ်အသင်းတွင် အငှားလာကစားနေသည့် ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ ဟာမီးစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူရန် ချိတ်ဆက်မှုများ ပြုလုပ်နေသည်။
ပီတစ်က ၎င်းမှာ ဒင်းနစ်ဆွာရက်ဇ်၏ ပရိသတ်တစ်ဦးဖြစ်သော်လည်း ရမ်ဆေးနေရာတွင် အစားထိုးရန် ဟာမီးစ်ရိုဒရီဂွက်ဇ်က ပိုသင့်တော်ကြောင်း ပြောကြားခဲ့သည်။
"မိုနာကိုအသင်းမှာ ကစားခဲ့တဲ့ ဟာမီးစ်ရိုဒရီဂွက်ဇ်ကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ကျွန်တော်ကတော့ သူ့ကို အရမ်းတော်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးလို့ မြင်ပါတယ်။ သူဟာ နံပါတ် (၁၀)နေရာနဲ့ အကိုက်ညီဆုံးကစားသမားဖြစ်ပြီး ဖာဘရီဂက်စ်နဲ့ အစ္စကိုနှစ်ဦးပေါင်းရဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားသူပါ။ သူဟာ အာဆင်နယ်အသင်းနဲ့ တကယ်ကိုက်ညီမယ့် ကစားသမားဖြစ်ပါတယ်။ ရမ်ဆေးနေရာကို အစားထိုးမယ့်သူအဖြစ် ဒင်းနစ်ဆွာရက်ဇ်နဲ့ ဟာမီးစ်ရိုဒရီဂွက်ဇ်တို့ထဲက တစ်ဦးကိုခေါ်ယူခွင့်ရမယ်ဆိုရင် ကျွန်တော်ကတော့ ဟာမီးစ်ရိုဒရီဂွက်ဇ်ကိုပဲ ခေါ်ယူမှာပါ။ အာဆင်နယ်အသင်းက လိုနေတာ ကွင်းလယ်တိုက်စစ်ကစားသမားပါ"ဟု ပီတစ်က ပြောကြားခဲ့သည်။