လာဇီယိုအသင်းတိုက်စစ်မှူး အီမိုဘီလီက ၎င်းတို့အနေဖြင့် ရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအတွက် ယခုထက်ပိုမိုကြိုးစားရန် အသင်းဖော်များကို တိုက်တွန်းပြောကြားခဲ့သည်။
လာဇီယိုအသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၂၀)အပြီးတွင် ရမှတ် (၃၂)မှတ်ဖြင့် အဆင့် (၆)နေရာ၌ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ဂျူဗင်တပ်စ်အသင်း (၅၆ မှတ်)နှင့် (၁၄)မှတ်အထိကွာဟနေသော်လည်း အဆင့် (၄)နေရာမှ အေစီမီလန်အသင်း(၃၄ မှတ်)နှင့် (၂)မှတ်သာ ကွာဟသည်။
အီမိုဘီလီက ယခုနှစ်စီးရီးအေပြိုင်ပွဲတွင် ပြိုင်ဘက်အသင်းများ၏ ခြေစွမ်းမှာပိုမိုတိုးတက်လာကြောင်းနှင့် ရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရလိုပါက ပိုမိုကြိုးစားရန်လိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အီမိုဘီလီက "ဒီရာသီ ခြေစွမ်းကောင်းတဲ့အသင်းတွေများတာလာကြောင့် စီးရီးအေပြိုင်ပွဲက အရင်ကထက် ပိုခက်လာပါတယ်။ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ အခုထက်ပိုပြီး ကြိုးစားဖို့ လိုပါတယ်။ ပိုပြီးအရေးကြီးတာက အသင်းရဲ့ခြေစွမ်းတစ်သမတ်တည်းရှိနေဖို့ပါပဲ"ဟု ပြောကြားခဲ့သည်။
ထို့ပြင် အီမိုဘီလီက လာမည့်တနင်္ဂနွေညတွင် ကစားမည့် ဂျူဗင်တပ်စ်အသင်းနှင့် ခက်ခဲမည်ဖြစ်သော်လည်း အိမ်ကွင်းတွင် ကစားရမည်ဖြစ်သည့်အတွက် ယခင်ကထက်ပိုမိုအားထုတ်ပါက ဂျူဗင်တပ်စ်ကို အနိုင်ကစားနိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ အီတလီတိုက်စစ်မှူး အီမိုဘီလီသည် ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် လာဇီယိုအသင်းအတွက် ပွဲ (၂၀)ကစားကာ (၁၁)ဂိုးသွင်းယူပေးထားသည်။