ဘရစ္စတိုးလ်စီးတီး နှင့် ဘော်လ်တန် (စနေနံနက် ၂:၁၅ နာရီ)
ဘရစ္စတိုးလ်စီးတီးက ပြိုင်ပွဲစုံမှာရော၊ လိဂ်ချန်ပီယံရှစ်မှာပါ ရလဒ်ကောင်းတွေဆက်တိုက်ယူနေတဲ့အသင်းဖြစ်တယ်။ အသင်းမှာ နာမည်ကျော်ကစားသမားဟောင်းတွေ ပါဝင်မှုနည်းပေမယ့် စုစည်းမှုနဲ့လုပ်အားနှုန်းအရမ်းကောင်းတဲ့အသင်းအဖြစ်အသိအမှတ်ပြုထားရတယ်။ ဘော်လ်တန်ကို အိမ်ကွင်းမှာ သေချာပေါက်အနိုင်ယူလိမ့်မယ်။
အာဆင်နယ် နှင့် မန်ယူ (စနေနံနက် ၂:၂၅ နာရီ)
အာဆင်နယ်နဲ့ အူနိုင်းအမ်မရီက မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကို ပထမဆုံးအနိုင်ယူတဲ့အသင်းနဲ့ နည်းပြဖြစ်လာမလားဆိုတာကို စောင့်ကြည့်ရမယ်။ မန်ယူက ဆိုးလ်ရှားတာဝန်ယူခဲ့တဲ့ ဒီဇင်ဘာလကစပြီး ပြိုင်ပွဲစုံမှာ (၇)ပွဲကစား၊ (၇)ပွဲနိုင်ခဲ့ပြီး ဒီအသင်းတွေထဲမှာ စပါးကို မြောက်လန်ဒန်ဒါဘီမှာ အနိုင်ရခဲ့တာလည်းပါတယ်။ ဒီရလဒ်တွေက မန်ယူအသင်းကို အမှတ်ပေးဇယားအဆင့် (၅)နေရာက အာဆင်နယ်နဲ့ရမှတ်တူအနေအထားဖြစ်လာစေခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကိုလည်း ရှင်သန်လာစေခဲ့တယ်။ အာဆင်နယ်အသင်းက FA ဖလားပြိုင်ပွဲသမိုင်းမှာ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး အစဉ်အလာမှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ထားတယ်။ ဒီဘက်ခေတ်တွေမှာ နည်းပြတစ်ဦးအတွက် ဖလားတစ်လုံးဆိုတစ်လုံးက အရေးပါလာပြီး အနာဂတ်အတွက် အာမခံချက်တစ်ခုလိုဖြစ်နေတာကြောင့်လည်း အာဆင်နယ်ရော၊ မန်ယူပါ အာရုံစိုက်ကစားကြလိမ့်မယ်။ ဒါပေမဲ့ ယာယီနည်းပြဖြစ်တဲ့ ဆိုးလ်ရှားအတွက်က ဖိအားနည်းနည်းနဲ့ သက်သောင့်သက်သာကစားနိုင်ပြီး အူနိုင်းအမ်မရီအတွက်က စိုးရိမ်စရာအနေအထားဖြစ်နေတယ်။ လက်ရှိအချိန်မှာ ဒီအသင်းနှစ်သင်းရဲ့ခြေစွမ်းပိုင်းကိုကြည့်ရင် မန်ယူက ပိုကောင်းနေပြီး တစ်ဦးချင်းအနေနဲ့လည်း မန်ယူကစားသမားတွေက သူတို့ရဲ့အကောင်းဆုံးပုံစံကို ထုတ်ပြနေတာတွေ့ရတယ်။ ဘယ်လာ ရင်မကစားနိုင်တဲ့အတွက် အာဆင်နယ်ရဲ့ ညာခြမ်းခံစစ်မှာလည်း အခက်အခဲတွေရှိနိုင်တယ်။ အာဆင်နယ်ကွင်းဆိုပေမယ့် မန်ယူ ရလဒ်ကောင်းနိုင်တဲ့ပွဲလို့ ထင်တယ်။ အနိမ့်ဆုံးသရေလောက်တော့ ထိန်းကစားလိမ့်မယ်။
ဟာသာဘာလင် နှင့် ရှော်လ်ကေး (စနေနံနက် ၂:၀၀ နာရီ)
ဟာသာဘာလင်အသင်းက အိမ်ကွင်းနောက်ဆုံး(၅)ပွဲ မှာ (၁)ပွဲသာအနိုင်ရခဲ့ပါတယ်။ နိုင်ပွဲဆက်ထားတဲ့ ရှော်လ်ကေး အမှတ်ရလိမ့်မယ်။
မာဆေးလ် နှင့် လိုင်လီ (စနေနံနက် ၂:၁၅ နာရီ)
နိုင်ပွဲပြန်တွေ့ခဲ့တာကြောင့် မာဆေးလ်အသင်း စိတ်ဓာတ်တက်နေလိမ့်မယ်။ လိုင်လီက ပွဲတိုင်းကို သေချာအာရုံစိုက်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ခိုင်မာအောင် ကြိုးစားနေတယ်။ လိုင်လီတိုက်စစ်က မာဆေးလ်ခံစစ်ကို ကောင်းကောင်းဒုက္ခပေးနိုင်မှာဖြစ်ပြီး အိမ်ရှင် သရေလောက်ပဲ မျှော်လင့်ရမယ်။