ဖိလစ်ပိုင်လက်ဝှေ့အကျော်အမော် ပက်ကီယောင်းသည် (မြန်မာစံတော်ချိန်) ဇန်နဝါ ရီ ၂၀ ရက် နံနက်ပိုင်း (အမေရိကန်စံတော်ချိန် ဇန်နဝါရီ ၁၉ ရက် ညပိုင်း)က ယှဉ်ပြိုင် ထိုးသတ်သည့် စိန်ခေါ်ပွဲတွင် အိမ်ရှင်နိုင်ငံသား အေဒရီယန်ဘရိုနာကို အမှတ်ဖြင့် အနိုင်ယူပြီးနောက် မေဝယ်သာနှင့် မကျေပွဲပြန် ထိုးရန် စိန်ခေါ်ခဲ့ကြောင်း သိရသည်။
ပက်ကီယောင်းနှင့် ဘရိုနာတို့၏ပွဲစဉ်မှာ WBA (Regular) ချန်ပီယံခါးပတ် (WBA စူပါချန်ပီယံခါးပတ်ထက် တစ်ဆင့်နိမ့်သော) စိန်ခေါ်ပွဲဖြစ်ပြီး ပက်ကီယောင်းက အမှတ်ဖြင့် အနိုင်ရကာ ချန်ပီယံခါးပတ်ကာကွယ် နိုင်ခဲ့သည်။ ယင်းပွဲစဉ်ကို အမေရိကန်နိုင်ငံ နီဗာဒါပြည်နယ် လတ်စ်ဗေးဂတ်စ်ရှိ MGM Grand Garden Arena ၌ ကျင်းပခဲ့ပြီး ပက်ကီယောင်းအတွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာနောက်ပိုင်း အမေရိကန်နိုင်ငံတွင် ပထမဆုံး ပြန်လည်ထိုးသတ်သည့်ပွဲဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာတွင် အသက် ၄၀ ပြည့်မြောက်ခဲ့သူ ပက်ကီယောင်းသည် ၎င်းထက် ၁၁ နှစ် ပိုငယ်သည့် စိန်ခေါ်သူ ဘရိုနာကို လျင်မြန်အားပါသည့် လက်သီးချက်များဖြင့် တိုက်စစ်အသားပေး၍ ဖိအားပေးထိုးသတ်ခဲ့သည်။ ခုနစ်ချီမြောက်တွင် ပက်ကီယောင်း၏ ဝဲဘက် နှစ်ဆင့်ဝိုက်လက်သီးချက်ကြောင့် ဘရိုနာကြမ်းပြင်ပေါ်သို့ လဲကျသွားသော်လည်း ပြန်လည် ထိုးသတ်နိုင်ခဲ့သည်။ ကိုးချီမြောက်တွင်လည်း ပက်ကီယောင်း အလဲထိုးဖြင့် အနိုင်ရရန် နီးစပ်ခဲ့ပြီး ဝဲလက်သီးချက်မှာ ဘရိုနာ၏ မေးရိုးကိုထိမှန်ကာ ဒုတိယအကြိမ်လဲကျသွားခဲ့သည်။ သို့သော် ဘရိုနာသည် ၁၂ ချီပြီးဆုံးချိန်အထိ ဆက်လက်ထိုးသတ်နိုင်ခဲ့သဖြင့် အမှတ်ပေးဒိုင်များ၏ အဆုံးအဖြတ်ခံယူရာ ဒိုင်နှစ်ဦးက ၁၁၆-၁၁၂ မှတ်၊ ကျန်တစ်ဦးက ၁၁၇-၁၁၁ မှတ်ဖြင့် သုံးဦးစလုံးက ပက်ကီယောင်းကို အနိုင်ပေးခဲ့ခြင်းဖြစ်သည်။ ပက်ကီယောင်းသည် ပရော်ဖက်ရှင်နယ်ပွဲစဉ် စုစုပေါင်း ၇၀ ပြည့်မြောက်သည့်ပွဲတွင် ၆၁ ပွဲမြောက် နိုင်ပွဲရရှိပြီး ဘရိုနာမှာမူ ၃၉ ပွဲတွင် စတုတ္ထမြောက်ရှုံးပွဲကြုံတွေ့ခဲ့သည်။
ဘရိုနာအား အနိုင်ရပြီးနောက် ပက်ကီယောင်းက “ကျွန်တော့်ကစားသမားဘဝ အဆုံးသတ်သွားပြီဆိုတာ လုံးဝမယုံနိုင်ပါဘူး။ နောက်ဆုံးထိုးခဲ့တဲ့ မာသီဆေးနဲ့ပွဲမှာ ကျွန်တော်သက်သေပြခဲ့ပြီးပါပြီ။ အခုပွဲမှာလည်း အသက် ၄၀ အထိ ကောင်းကောင်းထိုးနိုင်သေးတယ်ဆိုတာ ထပ်ပြီးသက်သေပြနိုင်ခဲ့ပါ ပြီ။ သူ့(မေဝယ်သာ) ကို ကြိုးဝိုင်းထဲပြန်လာ ဖို့ပြောလိုက်ပါ။ ကျွန်တော်တို့ ထိုးသတ်ကြတာပေါ့။ ဖလွိုက်မေဝယ်သာနဲ့ နောက်တစ်ကြိမ် ထပ်ထိုးချင်သေးတယ်။ သူသာလက်ဝှေ့ လောကထဲပြန်လာဖို့ ဆန္ဒရှိသေးရင်ပေါ့” ဟု ပြောကြားသည်။ မေဝယ်သာသည် ယင်းပွဲအား လာရောက်ကြည့်ရှုခဲ့ပြီး စိန်ခေါ်မှုကို လက်ခံ၊မခံ ဖြေကြားရန် ငြင်းဆန်ခဲ့သည်။