ရပ်ရှ်ဖို့ဒ်အား တစ်ပတ်လစာပေါင် (၁၅၀၀၀၀)ဖြင့် နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုရန် မန်ယူအသင်း စီစဉ်နေ

ရပ်ရှ်ဖို့ဒ်အား တစ်ပတ်လစာပေါင် (၁၅၀၀၀၀)ဖြင့် နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုရန် မန်ယူအသင်း စီစဉ်နေ
Photo: Man Utd via Getty Images
Photo: Man Utd via Getty Images
Published 18 January 2019

မန်ယူအသင်းသည် အသင်း၏လူငယ်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို လစာနှစ်ဆတိုးပေးကာ တစ်ပတ်လစာ ပေါင် (၁၅၀၀၀၀)ဖြင့် နှစ်ရှည်စာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။

 

အင်္ဂလန်လူငယ်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းအတွက် နောက်ဆုံးကစားခဲ့သည့် (၉)ပွဲတွင် (၆)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၃) ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သည်။

အသက် (၂၁)နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် လက်ရှိတွင် တစ်ပတ်လစာ ပေါင် (၇၅၀၀၀) ရရှိနေပြီး မန်ယူအသင်းက ၎င်း၏လက်ရှိလစာ နှစ်ဆဖြစ်သည့် ပေါင် (၁၅၀၀၀၀)ဖြင့် စာချုပ်သစ်အတွက် ကမ်းလှမ်းရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။

ရပ်ရှ်ဖို့ဒ်၏ မန်ယူအသင်းနှင့် လက်ရှိစာချုပ်မှာ (၁၈)လသာ ကျန်ရှိတော့ပြီး ယင်းစာချုပ်တွင် တစ်နှစ်သက်တမ်းတိုးခွင့်ပါရှိသော်လည်း မန်ယူအသင်းက  နှစ်ရှည်စာချုပ်ချုပ်ဆိုရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။

မန်ယူအသင်းသည် ရပ်ရှ်ဖို့ဒ်ကို နှစ်ရှည်စာချုပ်ချုပ်ဆိုခြင်းဖြင့် စပိန်အသင်းကြီး ရီးယဲလ်မက်ဒရစ်အသင်း၏ စိတ်ဝင်စားနေမှုကိုပါ အဆုံးသတ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းတွင် ၂၀၁၅-၁၆ ရာသီက စတင်ကာ ပွဲထွက်ခွင့်ရခဲ့ပြီး (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၄၉)ပွဲကစားကာ ဂိုး (၄၀) သွင်းယူပေးထားနိုင်ခဲ့သည်။ ၎င်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် မန်ယူအသင်းအတွက် (၇)ဂိုးအထိ သွင်းယူပေးထားသည်။