မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ၄င်းတို့အနေဖြင့် လီဗာပူးလ်အသင်းအကြောင်းကို မတွေးဘဲ မိမိအသင်း၏ နိုင်ပွဲများအတွက်သာ အာရုံစိုက်ထားကြရန် အသင်းသားများကို တောင်းဆိုခဲ့ကြောင်းသိရသည်။
ပရီးမီးယားလိဂ်ပွဲစဉ် (၂၂) အပြီးတွင် လီဗာပူးလ်အသင်းသည် ရမှတ် (၅၇) မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၁) နေရာတွင် ဦးဆောင်နေသည့် မန်စီးတီးအသင်း (၅၃ မှတ်) က (၄) မှတ်အကွာဖြင့် ဖိအားပေးလျက်ရှိသည်။
ဂွါဒီယိုလာက ၄င်းတို့အနေဖြင့် လီဗာပူးလ်အသင်းမှာ ၄င်းတို့မထိန်းချုပ်နိုင်သည့် အရာဖြစ်ကြောင်းနှင့် ကိုယ့်အသင်းနိုင်ပွဲရရေးကသာ အရေးကြီးသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာက '' မန်စီးတီးအသင်းအလိုရှိသလောက် အမှတ်တွေရအောင် လုပ်ပေးနိုင်တဲ့ မှော်ဘောလုံးကျွန်တော့်မှာမရှိပါဘူး။ မန်စီးတီးအသင်း ကစားသမားတွေကို လီဗာပူးလ်အကြောင်းကို မေ့ထားဖို့ကျွန်တော်မှာထားပါတယ်။ ကျွန်တော်တို့ အခုအချိန်မှာ လုပ်နိုင်တာက ကိုယ့်အသင်းကစားတဲ့ပွဲစဉ်တွေရဲ့ အဖြေကို ပြောင်းလဲနိုင်တာပါပဲ။ လီဗာပူးလ်အသင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှလုပ်နိုင်စွမ်းမရှိပါဘူး။ တကယ်လို့ ရာသီအကုန်မှာသာ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုရသွားခဲ့မယ်ဆိုရင်လည်း ယာဂန်ကလော့ပ်ကို ကျွန်တော့်အနေနဲ့ ဂုဏ်ယူကြောင်းပြောရုံပါပဲ။ ဘာလို့လဲဆိုတော့ ချန်ပီယံဆုနဲ့ သူတို့ထိုက်တန်လို့ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာက ကိုယ်ကစားမယ့်ပွဲစဉ်တိုင်းကို အနိုင်ကစားရုံကလွဲလို့ ဘာမှမရှိပါဘူး'' ဟုပြောကြားခဲ့သည်။
ထို့ပြင်ဂွါဒီိယိုလာက မန်စီးတီးအသင်းတွင် ကစားသမားကောင်းများ များစွာရှိသည့်အတွက် ပွဲစဉ်တိုင်းတွင် ကစားသမားများအားလုံးကို အသုံးပြုနိုင်မည်မဟုတ်ကြောင်းနှင့် ၄င်းအနေဖြင့် မန်စီးတီးအသင်းတွင် ပွဲထွက်ကစားသမားရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး တရားမျှတမှု မရှိသည့်အခါများလည်းရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။