မိုနာကိုအသင်းနည်းပြ အွန်နရီက ချယ်လ်ဆီးတိုက်စစ်မှူး ဘက်ရှူအာယီအား ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း အတည်ပြုပြောကြားခဲ့သည်။
မိုနာကိုအသင်းသည် ဇန်နဝါရီ (၁၁) ရက်နေ့က ချယ်လ်ဆီးအသင်း၏ စပိန်ဝါရင့်ကွင်းလယ်လူ ဖာဘရီဂတ်စ်ကို ပြောင်းရွှေ့ကြေးပေါင် (၁၀) သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် ဘက်ရှူအာယီကိုပါ ခေါ်ယူလိုနေခြင်းဖြစ်သည်။
အွန်နရီသည် ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီနက်ဇ်၏ လက်ထောက်အဖြစ်ဆောင်ရွက်စဉ်က ဘက်ရှူအာယီနှင့် လက်တွဲခဲ့ဖူးသူဖြစ်သည်။
ဘက်ရှူအာယီသည် ယခုအခါဗလင်စီယာအသင်းနှင့် အငှားစာချုပ်ကို ဖျက်သိမ်းခဲ့သည့်အတွက် မိုနာကိုအသင်းအနေဖြင့် ၄င်းကို ခေါ်ယူနိုင်ရန်အခွင့်အရေး ပိုများနေကြောင်းသိရသည်။
အွန်နရီက '' ကျွန်တော် ဘက်ရှူအာယီနဲ့ ဘယ်လ်ဂျီယံအသင်းမှာ လက်တွဲခဲ့ဖူးပါတယ်။ ဘာတွေဖြစ်လာမယ်ဆိုတာကိုတော့ မသိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အသင်းက ဘက်ရှူအာယီကို ခေါ်ယူချင်ပါတယ်'' ဟုပြောကြားခဲ့သည်။
အသက် (၂၅) နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူုး ဘက်ရှူအာယီသည် ကစားသမားဘဝကို ဘယ်လ်ဂျီယံကလပ် စတန်းဒက်လိဂ်အသင်းတွင် စတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မာဆေးလ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။
ယင်းနောက် ၂၀၁၆ ခုနှစ်တွင် ချယ်လ်ဆီးအသင်းက ဘက်ရှူအာယီကို ယူရိုသန်း (၄၀) ဖြင့်ခေါ်ယူခဲ့သည်။ သို့သော် ဘက်ရှူအာယီသည် ချယ်လ်ဆီးအသင်းတွင် ပုံမှန်နေရာရရန်ရုန်းကန်ခဲ့ရပြီး ဒေါ့မွန်၊ ဗလင်စီယာစသည့်အသင်းများတွင် အငှားသွားရောက်ကစားခဲ့ရသည်။
ဘက်ရှူအာယီသည် ကလပ်ကစားသမားဘဝ ပြိုင်ပွဲစုံ (၂၈၈) ပွဲတွင်၊ (၁၀၈) ဂိုးသွင်းယူထားသလို ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းအတွက် (၂၂) ပွဲတွင် (၁၂) ဂိုးသွင်းယူပေးထားသည်။