မန်ယူပစ်မှတ် ကော်တင်ဟို ဘာစီလိုနာအသင်းတွင် မပျော်မရွှင်ဖြစ်နေဟု Mundo Deportivo ဖော်ပြ

မန်ယူပစ်မှတ် ကော်တင်ဟို ဘာစီလိုနာအသင်းတွင် မပျော်မရွှင်ဖြစ်နေဟု Mundo Deportivo ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 13 January 2019

 

မန်ယူအသင်းမှ ခေါ်ယူရန် ပစ်မှတ်ထားနေသည့် ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုသည် အသင်းတွင် မပျော်မရွှင်ဖြစ်နေကြောင်း ကတ်တလန်အခြေစိုက်သတင်းစာ Mundo Deportivo ကဖော်ပြခဲ့သည်။

အသက် (၂၆) နှစ်အရွယ်ရှိ ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုသည် ဘာစီလိုနာအသင်း၏ နောက်ဆုံး လာလီဂါပွဲစဉ် (၄) ပွဲတွင် ပွဲထွက်ခွင့်မရခဲ့ဘဲ အရန်အဖြစ်သာ ကစားခဲ့ရခြင်းကို မပျော်မရွှင်ဖြစ်နေကြောင်း သိရသည်။

Mundo Deportivo ၏ဖော်ပြချက်အရ မန်ယူအသင်းသည် ဘာစီလိုနာတွင်ကော်တင်ဟို၏ အခြေအနေကို စောင့်ကြည့်လျက်ရှိပြီး ကစားသမား၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြောင်းသိရသည်။

ကော်တင်ဟိုသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဘာစီလိုနာအသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၄၅) သန်းဖြင့် လီဗာပူးလ်အသင်းမှ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

ဘာစီလိုနာအသင်းတွင် အဆင်မပြေဖြစ်နေသည်ဟု သတင်းများထွက်ပေါ်နေသည့် ကော်တင်ဟိုအား ပြန်လည်ခေါ်ယူရန် လီဗာပူးလ်ပရိသတ်များက အလိုရှိနေကြသလို မန်ယူအသင်းကလည်း အသင်း၏ ကွင်းလယ်ကို အင်အားဖြည့်တင်းနိုင်ရန်အတွက် မဟာပြိုင်ဘက် လီဗာပူးလ်အသင်း၏ ကစားသမားဟောင်းဖြစ်သူ ကော်တင်ဟိုကို အလိုရှိနေခြင်းဖြစ်သည်။

ကော်တင်ဟိုသည် ယခုရာသီလာလီဂါပြိုင်ပွဲတွင်  (၁၆) ပွဲကစားထားရာ၌ (၇) ပွဲမှာ လူစားဝင်အဖြစ် ကစားခဲ့ရခြင်းဖြစ်ပြီး အသင်းအတွက် (၄) ဂိုးသွင်းယူထားသူဖြစ်သည်။ 

မန်ယူအသင်းသည် လီဗာပူးလ်ကစားသမားဟောင်းဖြစ်သူ မိုက်ကယ်အိုဝင်ကို နယူးကာဆယ်အသင်းမှ တစ်ဆင့်ခေါ်ယူခဲ့သလို၊ ကော်တင်ဟိုကိုလည်း ဘာစီလိုနာအသင်းမှ ခေါ်ယူရန်စီစဉ်နေခြင်းဖြစ်သည်။