■ ဘရိုက်တန် ၀-၁ လီဗာပူးလ်
ပရီးမီးယားလိဂ်ပွဲစဉ် (၂၂) ရဲ့ စနေညပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘရိုက်တန်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းက အဝေးကွင်းမှာ ဆာလာရဲ့တစ်လုံးတည်းသော ပယ်နယ်တီသွင်းဂိုးနဲ့အတူ နိုင်ပွဲရယူခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အတွင်း ကစားထားတဲ့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲ၊ ဝုလ်ဗ်နဲ့ FA ဖလားပွဲတွေမှာ ရှုံးပွဲကြုံထားတဲ့ လီဗာပူးလ်အသင်းအတွက် နှစ်သစ်မှာ ပထမဆုံးနိုင်ပွဲလည်းဖြစ်ခဲ့ပါတယ်။
ဒုတိယနေရာက မန်စီးတီးအသင်းရဲ့ ဖိအားပေးမှုကြောင့် နည်းပြကလော့ပ်ဟာ ဒီနေ့ပွဲကို မာနေ၊ ဆာလာ၊ ဖေမီနို၊ ၀ိုင်နယ်လ်ဒမ်း၊ ရှာကီရီ၊ ဟန်ဒါဆန်တို့နဲ့ လူစုံထုတ်ခဲ့ပြီး အိမ်ရှင်ဘရိုက်တန်ကို ရင်ဆိုင်ခဲ့တာပါ။
ဘရိုက်တန်အသင်းကတော့ အိမ်ကွင်းမှာ သရေတစ်မှတ်ရဖို့အတွက် ခံစစ်ကိုအဓိကထားပြင်ဆင်ခဲ့ပေမယ့် လီဗာပူးလ်အသင်းရဲ့ ဖိအားပေးမှုကို မနည်းတောင့်ခံခဲ့ရပြီး ကံကောင်းခဲ့လို့သာ ဂိုးပြတ်မရှုံးနိမ့်ခဲ့တာပါ။
ပွဲစကတည်းက လီဗာပူးလ်အသင်း ဖိဖိစီးစီးကစားခဲ့ပြီး အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ ဒါပေမဲ့ တိုက်စစ်ပိုင်းက အဆုံးသတ်နိုင်ခြင်းမရှိလို့ ဂိုးစောစောမရခဲ့ဘဲ ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ လီဗာပူးလ်အသင်း ကစားအားပိုတင်လာခဲ့ပြီး ဂိုးရဖို့ကြိုးပမ်းလာတာကြောင့် ဘရိုက်တန်အသင်းခံစစ်မှာပဲ အချိန်ကုန်နေခဲ့တာပါ။
ပွဲချိန် မိနစ် (၅၀) မှာတော့ ဆာလာကို ဘရိုက်တန်ကွင်းလယ်လူ ဂရို့ဘတ် ပယ်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ လီဗာပူးလ်အသင်း ပယ်နယ်တီရခဲ့ပြီး ဆာလာက အမှားအယွင်းမရှိကန်သွင်းယူခဲ့ပါတယ်။
ဒါဟာ ပရီးမီးယားလိဂ်မှာ ဘယ်ခြေနဲ့ကန်သွင်းတဲ့ နောက်ဆုံးပယ်နယ်တီ (၁၀) ကြိမ်မှာ (၄) လုံးမြောက်ဂိုးရခဲ့ခြင်းဖြစ်ပြီး အဲဒီ (၄) ဂိုးစလုံးကို ဆာလာက သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီဂိုးဟာ ဆာလာအတွက် ဒီရာသီ (၁၄) ဂိုးမြောက်ပရီးမီးယားလိဂ်သွင်းဂိုးဖြစ်ခဲ့ပြီး ဟာရီကိန်း၊ အူဘာမီယန်းတို့ရဲ့သွင်းဂိုးအရေအတွက်နဲ့လည်း တူညီခဲ့ပါတယ်။
လက်ကျန်မိနစ်မှာလည်း လီဗာပူးလ်အသင်း ဆက်တိုက်ဆိုသလို အခွင့်အရေးတွေရခဲ့ပေမယ့် ဂိုးကံခေနေခဲ့သလို၊ တိုက်စစ်မှူးတွေ အသုံးမချနိုင်ခဲ့လို့ ဂိုးထပ်မရခဲ့ပါဘူး။
ပွဲပြီးခါနီးမှာ အိမ်ရှင် ဘရိုက်တန်အသင်း ချေပဂိုးရဖို့ ကြိုးစားခဲ့တာကြောင့် လီဗာပူးလ်ခံစစ်က အသည်းအသန်ကာကွယ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။
ဒါပေမဲ့ နှစ်သင်းစလုံးဂိုးထပ်မရတော့တာကြောင့် ပွဲအပြီးမှာတော့ လီဗာပူးလ်အသင်းက (၁-၀) ဂိုးနဲ့အနိုင်ရခဲ့ပြီး ဒုတိယနေရာက မန်စီးတီးအသင်းထက် တစ်ပွဲပို (၇) မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။
■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်
ပရီးမီးယားလိဂ်
ဝက်စ်ဟမ်း ၁-၀ အာဆင်နယ်
ဘရိုက်တန် ၀-၁ လီဗာပူးလ်
ဘန်လေ ၂-၁ ဖူလ်ဟမ်
ကာဒစ်ဖ် ၀-၀ ဟတ်ဒါဖီးလ်
ခရစ္စတယ်ပဲလေ့စ် ၁-၂ ဝက်ဖို့ဒ်
လက်စတာ ၁-၂ ဆောက်သမ်တန်
လာလီဂါ
လီဟာနက်စ် ၁-၀ ဟူဆကာ
ဗလင်စီယာ ၁-၁ ဗယ်လာဒိုလစ်
ကိုပါအီတလီယာ (ရှုံးထွက် ၁၆ သင်းအဆင့်)
လာဇီယို ၄-၁ နိုဗာရာ
လိဂ်ချန်ပီယံရှစ်
ဘာမင်ဂမ် ၁-၂ မစ်ဒယ်ဘရော့
ဘရန့်ဖို့ဒ် ၃-၁ စတုတ်စီးတီး
ဘရစ္စတိုးလ်စီးတီး ၂-၁ ဘော်လ်တန်
ဟားလ်စီးတီး ၃-၀ ရှက်ဖီးဝင်းစ်ဒေး
အစ်ဝစ်ချ် ၁-၀ ရော့သာဟမ်
ပရက်စတန် ၁-၁ ဆွမ်ဆီး
ရက်ဒင်း ၂-၀ နော်တင်ဟမ်
ရှက်ဖီးယူနိုက်တက် ၁-၀ QPR
ဝက်စ်ဘရွန်း ၁-၁ နောဝစ်ချ်
ဝီဂန် ၃-၀ အက်စတွန်ဗီလာ