အဝေးကွင်းရှုံးပွဲနဲ့ ဖိအားများသွားတဲ့ အူနိုင်းအမ်မရီ

အဝေးကွင်းရှုံးပွဲနဲ့ ဖိအားများသွားတဲ့ အူနိုင်းအမ်မရီ
Photo: AFP/Getty Images
Photo: AFP/Getty Images
Published 12 January 2019

■ ဝက်စ်ဟမ်း ၁-၀ အာဆင်နယ်

ပရီးမီးယားလိဂ်ပွဲစဉ် (၂၂) စနေညရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာတော့ ဝက်စ်ဟမ်းအသင်းက (၁-၀) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ပရီးမီးယားလိဂ်နောက်ဆုံး (၅) ပွဲမှာ (၂) ပွဲသာနိုင်ထားလို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားများနေတဲ့ အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီအတွက် ဒီရှုံးပွဲဟာ ဖိအားတွေအောက်ကို ပိုရောက်စေခဲ့တယ်လို့ ဆိုရမှာပါ။

အဝေးကွင်းပွဲစဉ်ဖြစ်သလို လန်ဒန်ဒါဘီပွဲစဉ်လည်းဖြစ်တာကြောင့် အမ်မရီဟာ ဒီပွဲကို သတိထားပြင်ဆင်ခဲ့ပေမယ့် လူငယ်ကစားသမားတွေနဲ့ အာဆင်နယ်ရဲ့ကစားအားက ဝက်စ်ဟမ်းအသင်းကို အသာစီးမယူနိုင်ခဲ့ပါဘူး။

နောက်ပိုင်းပွဲစဉ်တွေမှာ ပုံစံကောင်းကိုရလာတဲ့ ဝက်စ်ဟမ်းအသင်း ဒီပွဲမှာလည်း သူတို့ရဲ့မာကျောတဲ့ကစားပုံနဲ့အတူ လန်ဒန်ဒါဘီအိမ်ကွင်းပွဲစဉ်မှာ ချိုမြိန်တဲ့နိုင်ပွဲကိုရယူနိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းကစားသမားသစ် နာဆရီဟာ အသင်းဟောင်းအာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ပထမဆုံး ပွဲထွက်လာခဲ့ပြီး ဂိုးဖန်တီးမှုပါပြုလုပ်နိုင်ပေးခဲ့တာကတော့ ဒီပွဲရဲ့အမှတ်တရတစ်ခုပါပဲ။

ခရက်စ်ဝဲလ်၊ နိုဘယ်လ်၊ နာဆရီ၊ ဖိလစ်ပီအန်ဒါဆန်၊ အာနော်တိုဗစ်၊ အန်တိုနီယိုတို့ရဲ့ ကစားအားက အာဆင်နယ်အသင်းကိုအခက်တွေ့စေခဲ့ပြီး အာဆင်နယ်အသင်းအနေရဲ့နီးလ်စ်၊ ဂန်ဒူဇီ၊ အီဝိုဘီ လူငယ်အားက ယှဉ်ကစားဖို့ခက်ခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံး အခွင့်အရေးစောင့်ကစားခဲ့သလို၊ ရရှိခဲ့တဲ့အခွင့်အရေးတွေကိုလည်း အသုံးမချနိုင်ခဲ့တာကြောင့် ဂိုးမရှိသရေနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းအတွက် ကျေနပ်စရာဖြစ်ခဲ့တာက ဒုတိယပိုင်းအစမှာပဲ ဂိုးရသွားခဲ့တာဖြစ်ပြီး ပွဲချိန် (၄၈) မိနစ်မှာ နာဆရီရဲ့ဖန်တီးပေးပို့မှုကနေ ဒီကလန်ရစ်က သွင်းယူပေးခဲ့ပါတယ်။

ဒီဂိုးကိုသွင်းယူခဲ့တဲ့ ဒီကလန်ရစ်ဟာ အသက် (၁၉) နှစ် (၃၆၃) ရက်သာရှိသေးတာကြောင့် ၂၀၀၉ ခုနှစ် စတန်နင်းစလက်နောက်ပိုင်း ဝက်စ်ဟမ်အသင်းအတွက် ပရီးမီးယားလိဂ်ဂိုးသွင်းယူခဲ့တဲ့ ဆယ်ကျော်သက်ကစားသမားလည်းဖြစ်ခဲ့ပါတယ်။ 

ဂိုးပေးလိုက်ရပြီးနောက်မှာ အာဆင်နယ်အသင်းချေပဂိုးအတွက်ကြိုးစားခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းရဲ့ ခံစစ်ပိုင်းနဲ့ ဂိုးသမား ဖာဘီယန်စကီးတို့ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါကြောင့် (၁-၀) ဂိုးနဲ့ပွဲပြီးဆုံးခဲ့ပြီး အာဆင်နယ်အသင်းအနေနဲ့ ၂၀၀၅ ခုနှစ်နောက်ပိုင်း ဝက်စ်ဟမ်းအသင်းကို ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ်ရှုံးနိမ့်ခဲ့ရပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းနည်းပြ အမ်မရီဟာလည်း ဝက်စ်ဟမ်းအသင်းနည်းပြ ပယ်လီဂရီနီနဲ့ နည်းပြဘဝအဝေးကွင်းတွေ့ဆုံမှု (၇) ပွဲမှာ နိုင်ပွဲလုံးဝမရှိခဲ့ဘဲ (၂) ပွဲသရေ၊ (၅) ပွဲရှုံးရလဒ်ကိုရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။